Home နိုင်ငံရေး စစ်တွေမှာ မဲမပေးတဲ့ သူတွေကို အရေးယူမယ်လို့ စစ်ကော်မရှင်ကြေညာ

စစ်တွေမှာ မဲမပေးတဲ့ သူတွေကို အရေးယူမယ်လို့ စစ်ကော်မရှင်ကြေညာ

84
16

Coastal News Agency

စစ်တွေမြို့နယ်အတွင်းမှာ နေထိုင်ပြီးတော့ ရွေးကောက်ပွဲကာလ အတွင်းမှာ မဲလာရောက်မပေးသူတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းက ရပ်ကွက်အတွင်းလှည့်လည်ကာ ကြေညာထားတယ်လို့ စစ်တွေ ဒေသခံတွေကပြောပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့်ဒီဇင်ဘာ လထဲမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ ၊မာန်အောင် နဲ့ ကျောက်ဖြူမြို့တွေကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်တဲ့ အတွက် ဒေသခံပြည်သူတွေ အနေ နဲ့ မဲစာရင်းလာရောက်ကြည့်ကြဖို့ မဲထည့်ကြဖို့ကို တိုက်တွန်းနိုးဆော်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိ မဲလာရောက်မပေးသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်မှု လုပ်ဆောင်မယ်လို့ ကြေညာတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး စစ်တွေမြို့ မင်းဂံရပ်ကွက် ဒေသခံ တစ်ဦးပြောပြတာက “မီးသတ်ကားတွေ နဲ့ လာအော်တာပါ မဲစာရင်းလာကြည့်ကြဖို့ ပြီးရင်မဲမပေးရင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ဆိုပြီးတော့ကြေညာသွားတာပါ။ဘယ်ဥပဒေ ဘယ်ပုဒ်မတွေ နဲ့ ဘယ်လောက်အတိုင်းအတာထိ အရေးယူမယ်ဆိုတာကိုတော့ ကြေညာသွားတာတော့ မရှိဘူး”လို့သူကပြောပါတယ်။

ဒါ့အပြင်တစ်ဖက်မှာလည်း မဲစာရင်းမှာ ပါဝင်ပြီးတော့ မဲမပေးနိုင်တဲ့ သူတစ်ဦးကို ငွေကျပ် ၇၀၀၀၀ ထိပေးရမယ်ဆိုတဲ့ ကောလဟာလသတင်းတွေလည်းထွက်နေတာတွေ ရှိနေတယ်လို့ သူကဆက်လက်ပြောဆိုပါတယ်။

စစ်တွေမြို့နယ် အတွင်းမှာရှိနေကြတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲထက် နေ့စဉ် မိသားစုစားဝတ်နေရေး အတင်ပြေနိုင်ဖို့ အတွက်ကို ရုန်းကန်နေကြရတာဖြစ်ပြီးတာကြောင့် လက်ရှိအစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဖြစ်နေကြတယ်လို့လည်း နောက်ထပ်စစ်တွေဒေသခံ တစ်ဦးက ပြောပါတယ်။

“ရွေးကောက်ပွဲ နဲ့ ပြောရရင်တော့ အရင် ရွေးကောက်ပွဲတုန်းက မဲထည့်ရမယ် ဘာညာဆိုပြီးလူတွေက တက်တက်ကြွကြွရှိကြတယ် အခုက သူတို့ ရွေး ကောက်ပွဲထက်ပြည်သူတွေက နေ့စဉ်သူ့မိသားစုထမင်းမငတ်ရေးကို ဦးစား ပေးရှာနေကြရတယ် အဲဒါကိုမှ မဲမပေးတဲ့ သူကိုအရေးယူမယ်ဆိုရင်လည်း မတတ်နိုင်ဘူး အကုန်သူအရေးယူခံကြရမယ်။ဘယ်သူကမှတော့ ထမင်းငတ်ခံပြီး သူတို့ကို မဲသွားမပေးနိုင်တာတော့ သေချာတယ်”လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့နယ် အတွင်းမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ ဖြစ်ကြတဲ့ ရခိုင်တိုင်းရင်းသားများပါတီဖြစ်တဲ့ (RNP) နဲ့ ရခိုင့်ဦးဆောင်ပါတီ – AFP ပါတီတို့က ရွေးကောက်ပွဲ အတွက် မဲဆွယ်တာ စည်းရုံးဟောပြောတာတွေကို လုပ်ဆောင်နေပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်က နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် အေအေ ကတော့ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲကို သူတို့ အနေ နဲ့ အသိ အမှတ်ပြုမှာမဟုတ်သလို သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ကျင်း ပခွင့်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

16 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here