Home လူ့အခွင့်အရေး ရခိုင်က ဒေသခံ လူငယ်တွေ ပြည်ပထွက်များလာတဲ့ အတွက် ဒေသမှာ လူသားအရင်းအမြစ်ဆုံးရှုံးမှုတွေရှိလာနေ

ရခိုင်က ဒေသခံ လူငယ်တွေ ပြည်ပထွက်များလာတဲ့ အတွက် ဒေသမှာ လူသားအရင်းအမြစ်ဆုံးရှုံးမှုတွေရှိလာနေ

175
0

Coastal News Agency

ရခိုင်က ဒေသခံလူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွါမှုနူန်းပိုများလာနေတဲ့ အတွက် ဒေသအတွင်းမှာ လူသားအရင်းအမြစ်ဆုံးရှုံးမှုတွေ ရှိလာနေတာကိုတွေ့နေရတယ်လို့ ရခိုင်က လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ သူတွေဆီက သိရပါတယ်။

ရခိုင်မှာ စစ်ကော်မရှင် နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွါးခဲ့တာရှိပြီးတော့ အဲဒီနောက်ပိုင်းမှာ စစ်ကော်မရှင်တပ်တွေဟာ ရခိုင်က ကုန်းလမ်း၊ရေလမ်းတွေ နဲ့ ကုန်သွယ် ရေး လုပ်ငန်းတွေ အပါအဝင် ပညာသင်ကြားခွင့်တွေကိုပါ ပိတ်ခံထားခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရခိုင်က ဒေသခံ လူငယ်တွေဟာ ပညာသင်ကြားခွင့်ဆုံးရှုံးတာအလုပ်အကိုင်အခွင့်အလမ်းမရှိတာ စတာတွေကြောင့် ဒေသတွင်းမှာ မနေထိုင်ကြတော့ဘဲပြည်ပထွက်ခွါမှုနူန်းတွေဟာ အရင်ကထက်ပိုများလာပြီးတော့ ဒေသအတွင်းမှာ လူသားအရင်းအမြစ်တွေ ဆုံးရှုံးမှု ပိုများလာနေတာကိုတွေ့နေရတယ်လို့ ရခိုင်က လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ရခိုင်လူငယ်တစ်ဦးက ပြောပါတယ်။

“ဒီနောက်ပိုင်းမှာက လူသားအရင်းအမြစ်တွေဆုံးရှုံးလာတာတွေကို ပိုမြင်တွေ့လာရတယ် အဓိက ပြည်ပကိုထွက်တဲ့သူတွေ များလာတယ်။ပြည်ပကိုထွက်တာကလည်း ကျောင်းတွေလည်းမတက်ရ၊တက္ကသိုလ်တွေလည်း မတက်ရဖြစ်၊အလုပ်အကိုင်ကလည်း မရှိကြ စားဝတ်နေရေးကလည်းခက်ခဲတော့ ပြည်ပကိုထွက်ခွါမှုနူန်းက များလာတာတွေ့ရတယ် ဒီကိစ္စက ရခိုင်အတွက် တော်တော် အရေးကြီးတယ်လို့ မြင်မိတယ်”လို့ သူကပြောပါတယ်။

ဒါ့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ ဒီကီစ္စတွေကို အမြန်ဆုံးအကောင်အထည်ဖော်‌ဖြေရှင်းတာတွေ လုပ်ဆောင်ဖို့ လိုအပ်လာနေတယ်လို့လည်း ရခိုင်က လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ သူတွေက ဆိုကြပါတယ်။

“ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာက အဓိက အလုပ်အကိုင် ပညာရေး စတာတွေကို လုပ်ဖို့ လိုအပ်လာတယ် ဒီအချိန်မှာ လေကြောင်းရန်ရှိတယ်ဆိုတာကိုတော့ ကျနော်တို့လည်း သိတယ် ဒါပေမယ့် ဒီကိစ္စကို ဒီအတိုင်းထားရင်တော့ ပိုပြီးတော့ ဆိုးလာနိုင်တယ်။လူမှုအဖွဲ့အစည်းတွေကလည်း ဒီကိစ္စတွေကို အရေးတယူလုပ်ဖို့လိုအပ်တယ် ဒေသခံအဖွဲ့အစည်းတွေ နဲ့ အစိုးရ ဘယ်လိုပေါင်းပြီးတော့ ဒီတက္ကသိုလ်တွေ ကျောင်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပေးနိုင်မလဲဆိုတာကို စဉ်းစားရမယ် ပြီးတော့ အခုလို ပြည်ပ ထွက်ခွါမှုများနေတာကို လျှော့ချနိုင်အောင်လျှော့ချဖို့ လုပ်ရမယ်”လို့ ရခိုင်က လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သူက ဆက်လက်ပြောဆိုပါတယ်။

UNDP Myanmar ရဲ့ အစီရင်ခံစာအရ ရခိုင် နဲ့ ကယားအပါအဝင် မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ လူငယ်ထက် ဝက်နီးပါးလောက်ဟာ အသက်မွေးဝမ်း ကျောင်းပညာရပ်ဆိုင်ရာ ဒါမှမဟုတ် လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေ အရေးတကြီးပေးဖို့ လိုအပ်နေသလို ပဋိပက္ခဒေသဖြစ်တဲ့ ရခိုင်ကဲ့သို့နေရာတွေမှာဆိုရင် လူငယ်လေးပုံတစ်ပုံလောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့ သူတွေ ပိုများလာနေတာကို တွေ့နေရတယ်လို့ ဆိုထားပါတယ်။

အာရက္ခတပ်တော်ကတော့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ အမျိုးသားကာကွယ် ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Prov ision -NDEP)ကိုပြဋ္ဌာန်းပြီးတော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုး သမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၅ နှစ် အထိ ပြည်ပနိုင်ငံတွေကို မထွက်ခွါကြဖို့ ကို ကန့်သတ်တားမြစ်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here