နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေကြတဲ့ စစ်တွေ နဲ့ ကျောက်ဖြူမြို့တွေကို စစ်ကော်မရှင်က ရေကြောင်းအသုံးပြုပြီးတော့ စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ “စစ်ရှုံးစစ်ကော်မရှင်ဟာ အာရက္ခတပ်တော် နဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ မြို့တွေဖြစ်တဲ့ စစ်တွေ၊ကျောက်ဖြူမြို့တွေသို့ စစ်အင်အားတိုးမြှင့်တာတွေကို ပင်လယ်ရေကြောင်းကနေတဆင့် ခပ်စိပ်စိပ်ပြုလုပ်လာနေတာကိုတွေ့နေရတယ်”လို့ ဖော်ပြထားပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ သံတွဲ နဲ့ ဂံပင်လယ်ပြင်အနီးမှာလည်း စစ်ကော်မရှင်တပ်တွေရဲ့ စစ်သင်္ဘောသွားလာမှုတွေကို ဒီနောက်ပိုင်းမှာ ပိုမိုတွေ့မြင်ရတာတွေ ရှိလာနေသလို မြို့ပေါ်တွေကိုလည်း ကင်းထောင်လေယာဉ်တွေ ပျံဝဲပြီးတော့ ကင်းထောက်လှမ်းမှုတွေ လုပ်ဆောင်လာနေတာကိုလည်း တွေ့လာနေရတယ်လို့လည်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေထဲက တချို့မြို့တွေကိုလည်း ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ကာသိမ်းပိုက်နိုင်ဖို့ အတွက် ပြင်ဆင်မှုတွေ ရှိနေတာကိုလည်း တွေ့နေရတယ်လို့လည်း ဆိုထားပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်ရဲ့ စစ်ရေးလှုပ်ရှားမှု အနည်း/အများအပေါ်မှာ မှုတည်ပြီးတော့ ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုလည်း သတိထားကြဖို့ အသိပေးထားသလို စစ်ရေးသတိအပြည့် နဲ့ နေထိုင်ကြဖို့ကိုလည်း အာရက္ခတပ်တော်က သတိပေးပြောဆိုထားပါသေးတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ ဒေသခံတွေစားဝတ်နေရေး အဆင်ပြေနိုင်ဖို့အတွက် ငါးဖမ်းခွင့်ပြုထားတဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေကို အကာအကွယ်ယူပြီးတော့ စစ်ကော်မရှင်တပ်တွေက စစ်အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်နေတဲ့ အတွက် သံတွဲ နဲ့ ဂွက ရေလုပ်သားတွေ အနေ နဲ့ ည၆ နာရီကနေ မနက် ၆ နာရီထိ ငါးဖမ်းထွက်ခွင့်မလုပ်ကြဖို့ကို အာရက္ခတပ်တော်က တားမြစ်ထားတာလည်း ရှိပါသေးတယ်။




