ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်ခြံအဖြစ် နဲ့ နာမည် ကျော်ကြားတဲ့ KK Park ဧရိယာအားလုံးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ စစ်ကော်မရှင်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးတော့ စစ်ကော်မရှင်က အခုလိုဝင်ရောက်စီးနင်းမှု လုပ်ဆောင်ခဲ့တာဟာ အယောင်ပြစီးနင်းမှု လုပ်ဆောင်ခဲ့တာသာဖြစ်တယ်လို့ Justice For Myanmar က ဆိုထားပါတယ်။
ဒီလိုဝင်ရောက်စီးနင်းခဲ့တဲ့ အတွက် KK Park အတွင်းက Starlink စက် အလုံး ၃၀ နဲ့ အတူ အလုပ်လုပ်နေသူ ၂၁၉၈ ကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးနိုင်ခဲ့ပြီးတော့ ဒီစစ်ကော်မရှင်က ဖမ်းဆီးနိုင်ခဲ့တဲ့သူ အရေ အတွက်ဟာ ဒီထဲမှာပိတ်မိနေသူအားလုံးရဲ့ အစွန်းထွက်ပမာဏသာရှိတယ်လို့ JFM ကဆိုထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်အနေ နဲ့ ဒီ KK Park အတွင်းကို ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ခဲ့တဲ့ အချိန်ဟာ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အချိန် ကိုက်လုပ်ဆောင်ခဲ့တာကိုလည်းတွေ့ရသလို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ နဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်နေတဲ့ စစ်ကော်မရှင်အုပ်စု နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်တွေရဲ့ အဓိကအခန်းကဏ္ဍကို အာရုံပြောင်းလှည့်စားနိုင်ဖို့ အတွက်ကို နောက်ထပ်ကြိုးပမ်းမှုတစ်ရပ် ဖြစ်နိုင်တယ်လို့လည်း JFM က ဆိုထားပါသေးတယ်။
မြန်မာစစ်တပ်(ခေါ်) စစ်ကော်မရှင် ဒီရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုလုံးလည်းပတ်ရေးအတွက်ကို ကြီးကြပ်နေပြီးတော့ သူ့ရဲ့လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်တွေ နဲ့ ရာဇဝတ်စီးပွားကုမ္ပဏီတွေကိုပါ မြန်မာစစ် တပ်(ခေါ်) စစ်ကော်မရှင်က လက်သပ်မွေးကာ နိုင်ငံဖြတ်ကျော် ရာဇဝတ်စီးပွားဂိုဏ်း ကွန်ရက်တစ်ခုကို အသက်သွင်းလုပ်ဆောင်နေပြီးတော့ KK Park အပါအဝင် ယင်းကွန်ရက်ဟာ လက်ရှိကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ အတွက်ငွေကြေးရှာဖွယ်ပေးနေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မြေယာထိန်းချုပ်မှု၊ စီးပွားရေးလိမ်လည်မှုတွေကိုကျူးလွန်တဲ့နေရာမှာ အဆောက်အအုံတွေကနေ အကျိုးစီးပွားရယူမှု၊ အခွန်ကောက်ခံမှု၊ လုံခြုံရေးဝန်ဆောင်ပေးမှု၊ တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူးမှု နဲ့ လူသုံးကုန် ထိန်း ချုပ်ရောင်းချမှုတွေကနေတဆင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကနေတဆင့်လည်း အကျိုးအမြတ်တွေကို ရရှိနေတာလည်းဖြစ်ပါတယ်။
ကရင်နယ်ခြားစောင့်တပ်/ ကရင်အမျိုးသားတပ်ဟာ KK Park အတွင်းမှာ လုံခြုံရေးပေးနေကြောင်းကို ၂၀၂၄ ခုနှစ် Deutsche Welle သုတေသနကဖော်ပြတာရှိခဲ့သလို ဒီနှစ်အစောပိုင်းက အမေရိကန်ပြည်ထောင်စုရဲ့ ဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာလည်း ကရင်နယ်ခြားစောင့်တပ်/ ကရင်အမျိုးသားတပ်ဟာ KK Park အတွင်းမှာ လုံးခြုံရေးတာဝန်ကိုထမ်းဆောင်ပေးနေတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့သည့်နှစ်က ချမှတ်ခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအတွင်းမှာလည်း ကရင်နယ်ခြားစောင့်တပ် ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန် နဲ့ ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ဦးကို KK Park နဲ့ ပါဝင်ပတ်သက်သူ၊ အကျိုးအမြတ်ရရှိသူတွေအဖြစ် သတ်မှတ်ပြီးတော့ ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကိုလုပ်ဆောင်ခဲ့တာလည်း ရှိခဲ့ပါတယ်။
မြန်မာစစ်တပ်(ခေါ်) စစ်ကော်မရှင် ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေဟာ ကရင်နယ်ခြားစောင့်တပ် နဲ့ ခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေမှုတွေဟာ KK Park ထက်ပင် များစွာကျော်လွန်ကျယ်ပြန့်တာလည်း ရှိနေတယ်လို့ JFM က ဆိုထားပါသေးတယ်။
ဥပမာအနေ နဲ့ကတော့ စောချစ်သူ နဲ့ သူ့ရဲ့ သားသမီးတွေဟာ ကရင်နယ်ခြားစောင့်တပ် ကုမ္ပဏီကိုးခုကို အတူတကွ ပိုင်ဆိုင်ကြပြီးတော့ အဲဒီထဲက Myanmar Apolo International Investment Company Limited (Apollo Park) နဲ့ Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) ကုမ္ပဏီနှစ်ခုဟာ ဆိုက်ဘာငွေလိမ်ခြံကြီးများအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေဖြစ်ကြတယ်လို့လည်း JFM ကထုတ်ဖော်ပြောဆိုထားပါသေးတယ်။
အဲဒါကြောင့်ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်တဲ့ နေရာမှာ မြန်မာစစ်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့တွေကို ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထား ဆောင်ရွက်ရမယ်လို့လည်း JFM ကတိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်(ခေါ်) စစ်ကော်မရှင် ပြည်တွင်းဥပဒေနဲ့လည်းကောင်း၊ နိုင်ငံတကာဥပဒေပါ ဖွင့်ဆိုချက်နဲ့လည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ မြန်မာပြည်သူတွေကို နိုင်ငံအတွင်း နဲ့ ဒေသဖြတ်ကျော် လူအစုလိုက်အပြုံလိုက် အဓမ္မဖိအားပေးရွှေ့ပြောင်းစေမှုကြီးအတွက် တာဝန်ရှိသူဖြစ်သလို၊ အိမ်နီးချင်းနိုင်ငံတွေအထိပါ ကူးစက်သက်ရောက်စေပြီးတော့ ကာလရှည်စီးပွားရေးအကျပ်အတည်းကြီး ဖြစ်စေခဲ့တဲ့ ဒေသတွင်းမတည်ငြိမ်မှုရဲ့ အဓိကရေသောက်မြစ် လက်သည်တရားခံလည်းတယ်လို့ JFM ကဆိုထားပါတယ်။
၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ အာဆီယံဟာ စစ်အုပ်စုကို နိုင်ငံရေး တရားဝင်မှု မှားယွင်းစွာပေးအပ်ခဲ့ပြီးတော့ မြန်မာစစ်တပ် နဲ့ ရဲတပ်ဖွဲ့တွေကို နိုင်ငံတကာရာဇဝတ်မှုတွေ နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရမှု လွတ်ကင်းစွာနဲ့ ကျူးလွန်လျက်ရှိနေချိန်မှာဘဲ အဲဒီအဖွဲ့အစည်းတွေကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေ နဲ့ လေ့ကျင့်သင်ကြားမှုတွေပေးအပ် မှု နဲ့ နိုင်ငံရေးတရားဝင်မှုတွေ ပေး အပ်ခဲ့တာဟာ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့လည်း JFM ကထောက်ပြထားပါတယ်။
အဲဒီလို အာဆီယံက ပေးအပ်ခဲ့တဲ့ အတွက် ယင်းရာဇဝတ် စီးပွားကွန်ရက်ဟာ ပိုမိုအတင့်ရဲစေခဲ့ရုံသာမက၊ စစ်အုပ်စုကို နိုင်ငံတကာဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများကို ရှောင်ရှားနိုင်ဖို့ အတွက်ကို ကူညီပေးခဲ့တာတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြစ်မှုတွေအတွက် နိုင်ငံတကာတုန့်ပြန်မှုတွေကိုပါ ထိခိုက်စေခဲ့တာလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။




