စစ်တွေမြို့ကိုအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်ကော်မရှင်တပ်တွေဟာ စစ်တွေ – ရန်ကုန်ကားလမ်းမပေါ် အမြင့်ကျွန်းရွာအနီးက မင်းချောင်းတံတားကို ပြန်လည်ပြုပြင်ပြီးနောက်ပိုင်းမှာတော့ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ စစ်တွေမြို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာမှာကိုစိုးရိမ်တာကြောင့် ဒီမင်းချောင်းတံတားကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကော်မရှင်တပ်တွေဟာ ဒီတံတားကို ဒီနှစ်အတွင်းမှာ ပြန်လည်ပြုပြင်ပြီးတော့ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း မြို့နယ်ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ စစ်စခန်းတည်ဆောက်တာ နဲ့ စစ်အင်အားဖြည့်တင်းတာတွေကို လုပ်ဆောင်လာနေတာဖြစ်တယ်လို့ စစ်တွေမြို့ ဒေသသတင်းရင်းမြစ်တစ်ဦးက အခုလိုပြောပါတယ်။
“အဲဒီတံတားကိုက ဒီနှစ်ထဲမှာပြန်ပြီးတော့ သူတို့ ပြုပြင်လိုက်တာဖြစ်တယ်။အရင်တုန်းကတော့ အေအေ ဝင်လာမှာကြောက်လို့ ဖျက်ထားခဲ့တာ အဲဒီနောက်ပိုင်းမှာ တဖြေးဖြေး ခံစစ်တွေအတွက် အဲဒီကြားမှာ စစ်စခန်းတွေဆောက်တာကို ဆက်တိုက်လုပ်တယ်။ ပြီးတော့မှာ အဲဒီတံတားကို သူတို့ပြုပြင်တာ အဓိကတော့ ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်ဆင်ဖို့လုပ်နေတာဖြစ်တယ်။နောက်တစ်ခုက ထိုးစစ်ဆင်လို့ ရှုံးခဲ့လို့ ဒီဘက်ကိုလာရင် အေအေ က စစ်တွေကို အလွယ် တကူ မဝင်နိုင်အောင် အထပ်ထပ်ကာကင်းတွေဆောက်ထားတာဖြစ်တယ်။လက်ရှိကတော့ အဲဒီတံတား ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်တွေမှာသူတို့တွေ တပ်စခန်းတွေချထားတယ်။ ပုဏ္ဏားကျွန်းထဲက ကွမ်းတောင်ထဲထိတော့ သူတို့ဝင်လို့ မရသေးဘူး ဟိုဘက်တံတားထိပ်မှာတော့ သူတို့ရှိတယ်”လို့ သူကပြောပါတယ်။
အဲဒီမင်းချောင်းတံတားဟာ စစ်တွေ နဲ့ ပုဏ္ဏားကျွန်းကို ဆက်သွယ်ထားတဲ့ အဓိက တံတားတစ်စင်းဖြစ်ပြီးတော့ စစ်ကော်မရှင်တပ်တွေဟာ အဲဒီတံတားရဲ့ ဟိုဘက် ဒီဘက်ထိပ်နေရာတွေမှာ စစ်အင်အား နဲ့ လက်နက်အင်အားတွေကို သာလွန်အဆင့်ထက် ဖြည့်တင်းတာတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း အဲဒီစစ်တွေသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ ဒီရက်ပိုင်းအတွင်းမှာလည်း စစ်တွေမြို့၊ရွှေမင်းဂံအနီးမှာ ရှိတဲ့ စစ်ကော်မရှင်ရေတပ် စစ်သင်္ဘောတွေက လက်နက်ကြီးတွေ နဲ့ ပုဏ္ဏားကျွန်းမြို့ နဲ့ ရသေ့တောင်မြို့နယ်တွေကို ပစ်ခတ်တိုက်ခိုက်တာကို ဆက် တိုက်လုပ်ဆောင်တာတွေလည်းရှိနေတယ်လို့ဒေသသတင်းရင်း မြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော် ရဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာရက္ခတပ်တော် ရဲ့ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဒီရက်ပိုင်းအတွင်း စစ်တွေမြို့ အနီးဝန်းကျင်မှာ လက်နက်ကြီးတွေ ဒရုန်းတွေ နဲ့ နှစ်ဖက် အပြန်အလှန်တိုက်ခိုက်တာ ရှိခဲ့ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာတွေ ရှိနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။




