
အာရက္ခတပ်တော် – အေအေ ဟာ ရခိုင်မှာ နေထိုင်နေတဲ့ မွတ်ဆလင် နဲ့ ဟိန္ဒူအပါအဝင်တစ်ခြားလူနည်းစုတွေကို အတင်းအကြပ်ခိုင်းစေတာတွေ လုပ် ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့ က စွပ်စွဲထုတ်ပြန်လာပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ကိုတော့ Fortify Rights က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ မွတ်ဆလင် နဲ့ ဟိန္ဒူ အပါအဝင် လူ နည်းစုတိုင်းရင်းသားတွေကို အန္တရာယ်ရှိပြီးတော့ စစ်ရာဇဝတ်မှုမြောက်တဲ့ စစ် ဆင်ရေး နဲ့ ဆောက်လုပ်ရေးလုပ်တဲ့နေရာတွေမှာ အတင်းအကြပ်ခိုင်းစေမှုတွေရှိနေခဲ့တာဖြစ်တယ်လို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။
ဒီလို သူတို့ အနေ နဲ့ ထုတ်ပြန်ပြောဆိုတာဟာလည်း ခိုင်မာတဲ့ သက်သေ ၂၁ ဦးရဲ့ ပြောကြားချက်တွေကို အတည်ပြုထားတာဖြစ်ပြီးတော့ အာရက္ခတပ်တော်ဟာ လက်နက်ကိုင်ခြိမ်းခြောက်ပြီးတော့ လစာမဲ့ တိုက်ခိုက်ရေးအကာအကွယ်တံတိုင်းတည်ဆောက်ခိုင်းတာ၊ လက်နက်သယ်ခိုင်းတာ၊ အစားအသောက်သယ်ခိုင်းတာတွေကို လုပ်ဆောင်ခိုင်းနေတာဖြစ်ပြီးတော့ မလုပ်ဘူးလို့ ငြင်းဆန်တဲ့ သူတွေကိုလည်း ရိုက်နှက်တာတွေ လုပ်ဆောင်ခံရတာတွေ ရှိတယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။
အခုလို အလုပ်ခိုင်းစေမယ့် လူနည်းစုတွေကို ခေါ်ယူတဲ့ နေရာမှာလည်း အာရက္ခတပ်တော်ဟာ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ခေါ်ယူခိုင်းခဲ့တာဖြစ်ပြီးတော့ အလုပ်သမားတွေခေါ်ယူမပေးနိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း ရိုက်နှက်အရေးယူတာတွေ ရှိတယ်လို့လည်း Fortify Rights ရဲ့ ထုတ်ပြန်ချက်က စွပ်စွဲပြောဆိုထားပါတယ်။
ဒီလို လုပ်ဆောင်နေမှုတွေကို အာရက္ခတပ်တော် အနေ နဲ့ ရပ်တန့်ဖို့ နဲ့ အလုပ်အတွက် လုပ်အားခတွေကို တရားမျှတစွာပေးဆောင်ဖို့ကိုလည်း Fortify Rights က ထောက်ပြတောင်းဆိုထားပါသေးတယ်။



