ထိုင်းတော်ဝင်မိဖုရားကြီးဖြစ်တဲ့ သီရိခေတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်မှာ နတ်ရွာစံကံတော်ကုန်သွားခဲ့ရပြီးဖြစ်တယ်လို့ ထိုင်းဘုရင့်နန်းတော်က သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ ထိုင်းဘုရင် ဝချီရာလောင်ကွန်ရဲ့ မယ်တော်ဖြစ်သူ မိဖုရားကြီး သီရိခေတ်ဟာ သူကွယ်လွန်ချိန်မှာ သက်တော် ၉၃ နှစ်ရှိနေပြီလည်းဖြစ်ပါတယ်။
ထိုင်းတော်ဝင်မိဖုရားကြီးဖြစ်တဲ့ သီရိခေတ်ဟာ ဘန်ကောက်မြို့မှာရှိတဲ့ ကျူလာလုံကွန်စဖာကာချတ် ထိုင်းဆေးရုံကြီးအတွင်းမှာ သွေးအဆိပ်တက်ရောဂါကို ဆေးကုသခံယူနေတာကနေပြီးတော့ အခုလို နတ်ရွာစံကံတော်ကုန်သွားခဲ့ရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။
ထိုင်းတော်ဝင်မိဖုရားကြီးဖြစ်တဲ့ သီရိခေတ်ဟာ ဈာပနအခမ်းအနားကိုတော့ တော်ဝင်ဓလေ့ထုံးတမ်းစဉ်လာအရ အမြင့်ဆုံး ဂုဏ်ပြုကျင်းပသွားဖို့အတွက်ကိုလည်း ထိုင်းဘုရင်က အမိန့်တော်ထုတ်ပြန်ထားပြီးတော့ ရုပ်ကလာပ်တော်ကိုလည်း ဒုဆစ်မဟာပလ္လင်တော်ပေါ်မှာ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဘုရင့်နန်းတော်က ထိုင်းပြည်သူတွေကို အသိပေးထားပါတယ်။
ထိုင်းဘုရင်က တော်ဝင်မိသားစုဝင်တွေနဲ့ နန်းတွင်း အမှုထမ်းတွေကို မယ် တော်ကြီး ကွယ်လွန်တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလဖြစ် (၁) နှစ် ခွင့်ပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။




