Home သတင်း စစ်ရေး ကျောက်ဖြူမှာ စစ်ကော်မရှင်က ပါရာမော်တာ နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့ အတွက် နေအိမ်တချို့ပျက်စီး

ကျောက်ဖြူမှာ စစ်ကော်မရှင်က ပါရာမော်တာ နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့ အတွက် နေအိမ်တချို့ပျက်စီး

122
5
ပုံ - စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ရာမှာ အသုံးပြုနေတဲ့ပါရာမော်တာ(ခေါ်)စက်တပ်လေထီး အားမြင်တွေ့ရမှု။ပုံဟောင်း။

Coastal News Agency

ကျောက်ဖြူမြို့နယ်အတွင်းက မင်းပြင်ဆိုတဲ့ကျေးရွာကို စစ်ကော်မရှင်က ပါရာမော်တာ(ခေါ်)စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၄ ဆောင်ထက်မနည်းပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေကပြောပါတယ်။

ဒီလိုပါရာမော်တာ (ခေါ်)စက်တပ်လေထီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကို စစ်ကော်မရှင်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ မင်းပြင်ကျေးရွာအတွင်းကို ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲကာ နေအိမ်တွေပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် အဲဒီဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ မင်းပြင်ကျေးရွာရဲ့ ရွာအောက်ဖက်က ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်ကော်မရှင် ရေတပ်သင်္ဘောကလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တဲ့အ တွက်လည်းကျေးရွာ အတွင်းကို ဗုံးသီးကျရောက်ပေါက်ကွဲကာ နေအိမ်တွေပျက်စီးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကပင်စတင်ပြီးတော့ စစ်ကော်မရှင်တပ်တွေဘက်က စစ်ရေးလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်လာတဲ့ အတွက် အာရက္ခတပ်တော်တို့ဟာလည်းကျောက်ဖြူမြို့နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးမှုတွေ ပြန်လည်ရှိလာနေတယ်လို့လည်း ကျောက်ဖြူမြို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“တိုက်ပွဲတွေတော့ ပြန်ဖြစ်လာတယ် တစ်ပတ်လောက်ရှိမယ်ထင်တာ သေနတ်သံတွေမကြားရတာ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကတော့ ချောင်းဝရွာဘက်မှာ စစ်တပ်က စစ်ကြောင်းထိုးလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာရှိတယ် စစ်တပ်က ထိုးစစ်တွေက အေအေကို ဘယ်လိုမှ အရာမထင်ဘူး သူတို့အရှုံးတွေ နဲ့ဘဲရင်ဆိုင်နေရတာဖြစ်တယ်”လို့ သူကပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေကပင် အာရက္ခတပ်တော်ကသိမ်းပိုက်ထားပြီးဖြစ်တဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာတွေကို စစ်အင်အား၊လေကြောင်းအင်အား၊ရေကြောင်းအင်အားတွေ အပြင် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေ နဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့ပေမယ့် စစ်ကော်မရှင်တပ်တွေဟာ တိုက်ပွဲတိုင်းမှာ အရှုံးတွေ နဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရသလို အရာရှိတချို့ နဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ကိုလည်း အာရက္ခတပ်တော်က လက်ရဖမ်းဆီးရမိခဲ့တာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော်က ကျောက်ဖြူမြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ကျန်ရှိနေသေးတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စခန်းတွေထဲက အမှတ် ၃၂ ရဲတပ်ရင်းကို အာရက္ခတပ်တော်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာလည်းရှိနေတယ်လို့ အာရက္ခတပ်တော် ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ရခိုင်မှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့ကြတာဖြစ်ပြီးတော့ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝဒေသတစ်ခုလုံးကို စစ်ကော်မရှင်လက်ထဲကနေ အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သလို ကျန်ရှိနေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကိုလည်း ဆက်လက်တိုက်ခိုက်သိမ်းယူသွားမယ်လို့ အာရက္ခတပ်တော်က ပြည်သူတွေကို အသိပေးထုန်ပြန်ပြောဆိုထားပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ သူတို့ လက်လွတ်ထားရပြီးဖြစ်တဲ့ ရခိုင်ပြည်ထဲက မြို့နယ်တွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ အတွက် ဒရုန်းတွေ နဲ့ ကင်းထောက်တာ၊ရေကြောင်းကနေတဆင့် စစ်အင်အား နဲ့ လက်နက်၊ရိက္ခာတွေဖြည့်တင်းတာတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာကိုတွေ့နေရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။

5 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here