စစ်ကော်မရှင်တပ်တွေ ရဲ့ ပင်မအသက်သွေးကြောတွေကို ဖြစ်တောက်ပစ်နိုင်ဖို့အတွက် သူတို့အားထားရာ ကပစစက်ရုံတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်တာတွေကို လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာ နှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ – MDSI သုံးသပ်ထားပါတယ်။
ဒီ ကပစ စက်ရုံတွေဟာ စစ်ကော်မရှင်တပ်တွေ အတွက် စစ်လက်နက်ခဲယမ်း နဲ့ လေကြောင်းဗုံး ထုတ်လုပ်ရေးတွေ အပြင် စစ်ကောင်စီတပ်တွေရဲ့ တိုက်စွမ်းအားကို ပင်မအားဖြည့်ပေးနေတဲ့ လက်နက်ငယ်ကျည်ထုတ်လုပ်ရေးတွေ အတွက် အရေးပါနေတာတွေကြောင့် အာရက္ခတပ်တော် နဲ့ တော်လှန်ရေးတပ်တွေဟာ ဒီကပစ တွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့ လိုအပ်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင် နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ပြည်မပိုင်းထိုးစစ်တွေပြင်ဆင်လာချိန်မှာ ဒီရခိုင် နဲ့ နယ်မြေချင်းအစပ်မှာရှိတဲ့ ပဲခူးတိုင်း နဲ့ မကွေးတိုင်းတွေထဲက စစ်ကော်မရှင်တပ်တွေရဲ့ ပင်ပသွေးကြောတွေဖြစ်တဲ့ ကပစ စက်ရုံတွေကို ခြိမ်းခြောက်မှု ရှိလာနိုင်တဲ့ အထိရှိလာနေခဲ့တယ်လို့လည်း MDSI ကဆိုထားပါတယ်။
အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တွေမှာ ပန်းကန်ကွဲရွာမှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဒီအာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ နေရာဟာ ပဲခူးတိုင်း(အနောက်ပိုင်း) ပန်းတောင်းမြို့နယ်အတွင်းမှာရှိတဲ့ ကပစ(၅)၊ ကပစ(၆)၊ ကပစ(၉)၊ ကပစ(၁၆) တပ်တွေ နဲ့ သိပ်းမဝေးတဲ့ နေရာတွေလည်းဖြစ်ပါတယ်။
တဖက်မှာလည်း မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပိုင်းမှာရှိတဲ့ နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် စစ်ကော်မရှင်တပ်တွေရဲ့ ကပစ(၁၄) အနီးတဝိုက်ထိ ကို ထိုးစစ်တွေရောက်ရှိလာနေတာလည်းဖြစ်ပါတယ်။
ဒီ ကပစ စက်ရုံတွေထဲက ပဲခူးတိုင်း(အနောက်ပိုင်း) ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ၊ညောင်ခြေထောက်ကျေးရွာအနီးမှာရှိတဲ့ ကပစ(၆)စက်ရုံဟာ စစ်လက်နက်ထုတ်လုပ်မှုပိုင်းတွေမှာလိုအပ်တဲ့ သံ နဲ့ သတ္တုတွေကို အဓိကထုတ်လုပ်ပေးနေတဲ့ ပင်မအထောက်အကူပြုတပ် ဖြစ်တဲ့အတွက် အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေသာ ဒီကပစ(၆)စက်ရုံကို တိုက်ခိုက်နိုင်မယ်ဆိုရင် စစ်ကော်မရှင်တပ်တွေရဲ့ စစ်လက်နက်ထုတ်လုပ်ရေးပိုင်းတွေကို ကြီးမားစွာသက်ရောက်မှု ရှိသွားမှာ ဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဟာတိုက်ခိုက်မှုအားပျော့သွားမှာဖြစ်တယ်လို့လည်း MDSI ကဆိုထားပါတယ်။
ပန်းတောင်းမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကော်မရှင် ရဲ့ ကပစ(၅) နဲ့ ကပစ(၁၆) တပ်တွေဟာလည်း လိုအပ်တဲ့ ယမ်းတွေ၊ ခဲယမ်းကျည် နဲ့ ဗုံးလက်နက် ကို အဓိကထုတ်လုပ်ပေးနေတဲ့ ပင်မအထောက်အကူပြုတပ်တွေလည်းဖြစ်ပါတယ်။
အဲဒီထဲက မသုန်ကျေးရွာ နဲ့ ရခိုင်ရိုးမအခြေမှာရှိတဲ့ ကပစ(၁၆) အနီးကိုလည်း အာရက္ခတပ်တော် ရဲ့ ထိုးစစ်တွေဟာ ရောက်ရှိလာနေပြီဖြစ်ပြီးတော့ ကပစ(၅) နဲ့ ကပစ(၁၆) နေရာတွေကိုသာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေကသာ သိမ်းပိုက်နိုင်ခဲ့ရင် ကကထုတ်ရဲ့ ခဲယမ်းကျည် နဲ့ ဗုံးလက်နက်တွေ၊ ပင်မယမ်းထုတ်လုပ်မှုတွေကို ဖြတ်တောက်နိုင်မှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကပစ(၉)ကတော့ ခြေလျင်တပ်သုံး လက်နက်ငယ်ကျည်မျိုးစုံကို ပင်မထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုဖြစ်ပြီးတော့ အဲဒီအနီးတဝိုက်နေရာတွေကိုလည်း အာရက္ခတပ်တော်က ထိုးစစ်အရှိန်နဲ့ ဝင်ရောက်လာနေတဲ့ အတွက် လက်ရှိမှာတော့ ကပစ(၉) နဲ့ ၁၀ မိုင်ပါတ်လည်အကွာမှာရှိတဲ့ ကျောက်ဖူးရွာအထိရောက်ရှိလာနေပြီလည်းဖြစ်ပါတယ်။
မကွေးတိုင်းထဲမှာ ရှိတဲ့ ကပစ(၁၄) ထဲမှာတော့ အရင်တုန်းက လေယာဉ်ပစ်ပခုံးထမ်းဒုံး(MANPADS)တွေကို တပ်ဆင်ထုတ်လုပ်ခဲ့ပေမယ့် တခြား ကပစတပ်တွေရဲ့လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးတာတွေ ရှိနေသလို ခြေလျင်တပ်သုံး လက်နက်ငယ်အစိတ်အပိုင်းတွေ နဲ့ လေကြောင်းဗုံးတွေအ တွက် PCB(Printed Circuit Board)ဆားကစ်ဘုတ်တွေကို ထုတ်လုပ်ပေးမှုတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
အဲဒါကြောင့် ဒီ ကပစ(၁၄)ကို ခြိမ်းခြောက်တိုက်ခိုက်လာနိုခဲ့ရင်လည်း ကပစ(၂၁) နဲ့ ကပစ(၃)တွေမှာ တပ်ဆင်နေတဲ့ လေကြောင်းဗုံး ထုတ်လုပ်မှုတွေကို များစွာလျော့ကျသွားနိုင်မှာလည်းဖြစ်ပါတယ်။




