Home နိုင်ငံရေး Fortify Rights စွပ်စွဲချက်တွေဟာ ရခိုင်ဒေသက လူမှုသဟာဇာတဖြစ်ရေးကို နှောင့်ယှက်ဖျက်စီးရာရောက်နေတယ်လို့ အေအေ ပြောဆို

Fortify Rights စွပ်စွဲချက်တွေဟာ ရခိုင်ဒေသက လူမှုသဟာဇာတဖြစ်ရေးကို နှောင့်ယှက်ဖျက်စီးရာရောက်နေတယ်လို့ အေအေ ပြောဆို

150
0

Coastal News Agency

လူ့အခွင့်အရေးအဖွဲ့ဖြစ်တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့ ရဲ့ တစ်ဖက်သတ်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ ပကတိမြေပြင်မှာ လုပ်ဆောင်နေတဲ့ ရခိုင်ပြည်အတွင်းက မတူကွဲပြားတဲ့ဘာသာ နဲ့လူမျိုးအကြား လူမှုသဟဇာတဖြစ်နေမှု နဲ့ဖြစ်ထွန်းလာဖို့အတွက် ကြိုးပမ်းနေမှုတွေကို ဆိုးဝါးစွာထိခိုက်စေတဲ့ အပြင် နှောက်ယှက်ဖျက်စီးရာကိုလည်း ရောက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

အာရက္ခတပ်တော် အနေ နဲ့ ရခိုင်ပြည်မှာနေထိုင်နေကြတဲ့ မတူကွဲပြားတဲ့ဘာသာ နဲ့ လူမျိုးအကြား လူမှုသဟဇာတဖြစ်ဖို့အရေးကို အပတ်တကုတ်ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်နေတာ ရှိနေပြီးတော့ ရခိုင် နဲ့ မျိုးနွယ်စုအကြားမှာ ခိုင်မာစွာရရှိထားပြီးဖြစ်တဲ့ အထွေထွေသဟဇာတဖြစ်နေမှုတွေကို ပြောင်းပြန်လှန်ကာအခုလို မဟုတ်မမှန်ထုတ်ပြန်နေတာတွေဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ကို နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာကျဆင်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒါ့အပြင် Fortify Rights အဖွဲ့ ကို ဘာသာရေးအစွန်းရောက်အဖွဲ့တွေက ရည်ရွယ်ချက် ရှိရှိ နဲ့ မဟုတ်မမှန်လုပ်ကြံလီဆယ်ပြီးတော့ လိမ်လည်ဖန်တီးထားတဲ့ မဟုတ်တမ်းတရားဇာတ်လမ်းတွေကို လက်ဆုပ်လက်ကိုင်ပြုပြီးတော့ တစ်ဖက်သတ်စွပ်စွဲချက်တွေ နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ကို တောက်လျှောက်ထိုးနှက်မှုတွေ လုပ်ဆောင်လာနေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

Fortify Rights အဖွဲ့အနေ နဲ့ လူ့အခွင့်အရေးကို အမှန်တကယ်ကာကွယ်ပေးတဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခုဆိုရင် ဘာသာ၊လူမျိုး နဲ့ အသားအရောင်ခွဲခြားမှု မရှိဘဲ ရခိုင်မှာရှိတဲ့ မတူကွဲပြားလူမျိုးအကြားက သဟဇာတဖြစ်နေမှုအမှန်တရားတွေ နဲ့ မြေပြင်မှာဖြစ်နေတဲ့ ပကတိအရှိတရားတွေကို အမှန်အကန်လေ့လာပြီးတော့ ULA/AA အပေါ်စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကို ပြန်လည်သုံးသပ်ဖို့အတွက်ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အကြံပြုပြောဆိုထားပါတယ်။

အဲဒါတွေအပြင် Fortify Rights အဖွဲ့ကိုအသုံးချပြီးတော့ ကိုယ်ကျိုးစီးပွါးအတွက်မဟုတ်မမှန်လုပ်ကြံသတင်းပေးနေတဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ နိုင်ငံရေးရည်ရွယ်ချက် သူတို့ကိုကြိုးကိုင်နေတဲ့ နောက်ကွယ်က လက်မည်းကြီးတွေ နဲ့ ငွေကြေးထောက်ပံ့လည်ပတ်စီးဆင်းမှုတွေကိုလည်း Fortify Rights အဖွဲ့ အနေ နဲ့ စိစစ်ဖို့ကို စေတနာနဲ့ သတိပေးတယ်လို့လည်း အကြံပြုပြောဆိုထားပါသေးတယ်၊

လူ့အခွင့်အရေးအဖွဲ့ဖြစ်တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့ဟာ ရခိုင်မှာရှိတဲ့ မွတ်ဆလင် နဲ့ ဟိန္ဒူ အပါအဝင် လူ နည်းစုတိုင်းရင်းသားတွေကို အန္တရာယ်ရှိပြီးတော့ စစ်ရာဇဝတ်မှုမြောက်တဲ့ စစ် ဆင်ရေး နဲ့ ဆောက်လုပ်ရေးလုပ်တဲ့နေရာတွေမှာ လုပ်အားခတွေ မပေးဘဲ အာရက္ခတပ်တော်က အတင်းအကြပ်ခိုင်းစေတာတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီFortify Rights အဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေ နဲ့ လုံးဝကင်းကွာနေတာဖြစ်ပြီးတော့ တိကျခိုင်မာမှုမရှိတဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ လုပ်ကြံဖန်တီးထားတဲ့အချက်အလက်အမှားတွေ နဲ့ တစ်ဖက်သတ်စွပ်စွဲ ထုတ်ပြန်နေမှုတွေကိုလည်း ကန့်ကွက်ရှုတ်ချပြီးတော့ ပြတ်သားစွာပယ်ချတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here