
တကျော့ပြန်ုတိုက်ပွဲကာလအတွင်းမှာ စစ်ကော်မရှင်တပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ရခိုင်မှာ အရပ်သားပြည်သူ ၉၀၀ ကျော်သေဆုံးခဲ့ရပြီးတော့ အရပ်သားပြည်သူ ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ လူသားချင်စာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီသေဆုံးဒဏ်ရာရသူတွေဟာ တကျော့ပြန်တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိကောက်ယူထားတဲ့ စာရင်းတွေ ဖြစ်ပြီးတော့ စစ်ကော်မရှင်တပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၉၇၀ ဦး နဲ့ ဒဏ်ရာရရှိသူ ၂၀၅၄ ဦးထိရှိခဲ့ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်ကို ကြည့်မယ်ဆိုရင် ၂၄ ရာခိုင်နူန်း ရှိခဲ့တာဖြစ်ပြီးတော့ ဒဏ်ရာရရှိသူ အရေအတွက်ဟာ ၅၁ ရာခိုင်နူန်းအထိရှိခဲ့တာလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်တွေဟာ ရခိုင်ကအပြစ်မဲ့ အရပ်သားပြည်သူ ၁၀၀၀ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ လူသားချင်စာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ဆိုထားပါတယ်။
ဒီသေဆုံးသူ ၉၇၀ ဦးထဲက ၄၄၃ ဦးဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေ ဖြစ်ပြီးတော့ အဲဒီထဲမှာသေဆုံ’မှု အမြင့်ဆုံးဖြစ်ခဲ့ရတာဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ နဲ့ ၂၀၂၅ ဇန်နဝါရီလတွေဖြစ်ကြတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင်သေဆုံးသူတွေထဲမှာလည်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၇၅ ဦးပါဝင်ပြီးတော့ ကလေးငယ်သေဆုံးမှု ရာခိုင်နူန်းဟာ ၁၈ ရာခိုင်နှုန်းအထိရှိတယ်လို့လည်းဆိုပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာတော့ ရခိုင်လူမျိုးတစ်ခုတည်းမဟုတ်ဘဲ မွတ်ဆလင်အပါအဝင် မရမာကြီး၊ ဟိန္ဒူ၊ ခမီ နဲ့ သက်မျိုးနွယ်စုတွေလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။



