Home သတင်း စစ်ရေး စစ်ကော်မရှင်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့က အရပ်သားကလေးငယ်တစ်ဦးသေပြီး ၂ ဦးဒဏ်ရာရ

စစ်ကော်မရှင်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့က အရပ်သားကလေးငယ်တစ်ဦးသေပြီး ၂ ဦးဒဏ်ရာရ

105
7
ဓာတ်ပုံ - စစ်ကော်မရှင်လက်နက်ကြီး ပစ်ခတ်တိုက်ခိုခဲ့မှုကြောင့် ပေါက်တောမြို့အတွင်းက သေဆုံးခဲ့ရသူ နဲ့ ဒဏ်ရာရသူတွေမြင်တွေ့ရမှု ။ APM

Coastal News Agency

စစ်ကော်မရှင်ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့ကနေ ပေါက်တောမြို့ကို မနေ့က လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာအတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက်ဒေသခံ အရပ်သားကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီးတော့ နောက်ထပ်အရပ်သားပြည်သူ ၂ ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

သေဆုံးခဲ့ရတဲ့ ကလေးငယ်ကတော့ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက် ၅ နှစ်အရွယ် မဇင်ချိုအိဖြစ်ပြီးတော့ ဒဏ်ရာရရှိခဲ့သူတွေကတော့ အဲဒီကျေးရွာအတွင်း မဇင်ချိုအိ ရဲ့ဖခင်ဖြစ်သူ ဦးနေဇော်ထွန်း နဲ့ ဦးမောင်စိန်ဝင်းတို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“ကလေးတစ်ယောက် နဲ့ နောက်နှစ်ယောက် ဒဏ်ရာရတယ်လို့ သိရတယ် ဖြစ်တာကတော့ မနေ့က နေ့လယ် ၂ နာရီလောက်မှာဖြစ်တာ လက်နက်ကြီးပစ်တာကိုတော့ စစ်ကော်မရှင်က ဒီရက်ပိုင်းတွေမှာ တော်တော် လုပ်လာနေတာတွေ ရှိနေတယ်”လို့ စစ်တွေဒေသခံတစ်ဦးကပြောပါတယ်။

စစ်တွေမြို့မှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဒီရက်ပိုင်းအတွင်းမှာ ပေါက်တော ၊ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေကို လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေပြီးတော့ ဒီမနက်ပိုင်းမှာလည်း ရွှေမင်းဂံ မှာရှိနေတဲ့ စစ်ကော်မရှင်တပ်ရဲ့ နယ်ဗီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ၁၀ ကြိမ်ထက်မနည်းရှိနေပြီးဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။

“အခုမနက်ပိုင်းမှာလည်း ပစ်ခတ်နေပါတယ် ၁၀ ကြိမ်ထက်မနည်းကြားရတယ် ပုဏ္ဏားကျွန်းဘက်ကို ပစ်တာလို့တော့သိရတယ် မြို့ထဲမှာတော့ ပုံမှန်အနေအထားရှိနေတယ် ဘာမှထူးထူးခြားခြားတော့ မဖြစ်ဘူး”လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ ကွန်တောင်ကျေးရွာအတွင်းမှာ အရေးပေါ်လူနာသယ်ယူဖို့ သွားရောက်ခဲ့တဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း လူမှုအဖွဲ့အစည်းက အသင်းဝင်တစ်ဦးဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဌေးအောင်ဟိန်း (ခ)ကိုလတ်မှာ စစ်ကော်မရှင်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ အတွက် သေဆုံးခဲ့ရတာလည်းရှိခဲ့ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ လူသားချင်စာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကော်မရှင်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ရခိုင်ကအရပ်သားပြည်သူ ၉၇၀ ဦးသေဆုံးတာ ရှိခဲ့ရပြီးတော့ ဒဏ်ရာရရှိသူ ကတော့ ၂၀၅၄ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

7 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here