တစ်ရက်အတွင်း စစ်ကော်မရှင်တပ်က ရခိုင်က မြို့နယ် ၃ ခုကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့အတွက် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီးတော့ ၁၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသခံတွေ ရဲ့ ပြောဆိုချက်တွေ အရ သိရပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ မနေ့ကအောက်တိုဘာလ ၃၀ ရက်နေ့ တစ်ရက်အတွင်းမှာ ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ရသေ့တောင် နဲ့ ကျောက်ဖြူမြို့နယ်တွေကို လေကြောင်း၊ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့ နဲ့ ရသေ့တောင်မြို့နယ်၊မိုးစဲကျွန်းအတွင်းက ဇီးကိုင်းကျေးရွာတွေကို နေ့လယ် ၂ နာရီကျော်ဝန်းလောက်မှာ ဂျက်ဖိုက်တာ၊ဒရုန်းတွေအပြင် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ကျောက်ဖြူမြို့နယ် အတွင်းက ဇင်ချောင်းကုန်ဘွေကျေးရွာကိုတော့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာတော့ လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် ရသေ့တောင်မြို့၊မိုးစဲကျွန်း ဇီးကိုင်ကျေးရွာအတွင်းက အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့ရပြီးတော့ ၂ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ပုဏ္ဏားကျွန်းဒေသခံ တစ်ဦးကပြောပါတယ်။
“ပုဏ္ဏားကျွန်းမှာကတော့ အဆောက်အဦးတချို့ မီးလောက်ပျက်စီးတာတွေ ရှိခဲ့ပါတယ် လူထိခိုက်ဒဏ်ရာ ရတာတော့မရှိခဲ့ပါဘူး။ရသေ့တောင်မှာတော့ တစ်ဦးသေပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာ ရခဲ့တယ်။ရသေ့တောင်မှာက ဒရုန်း နဲ့ ဗုံးကြဲတာဖြစ်တယ် ပုဏ္ဏားကျွန်းကိုတော့ ဂျက်ဖိုက်တာ နဲ့ ကြဲတာဖြစ်တယ် ပြီးတော့ စစ်တွေကလည်း အတွဲလိုက်ဒုံးတွေ နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်”လို့ သူကပြောပါတယ်။
အဲဒီလိုပဲ ကျောက်ဖြူမြို့နယ် အတွင်းက ဇင်ချောင်းကုန်ဘွေကျေးရွာကို စစ်ကော်မရှင်က လေကြောင်းကနေတဆင့် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဇင်ချောင်းဒေသခံတစ်ဦးကပြောပါတယ်။
“အမျိုးသမီးအမျိုးသား စုစုပေါင်း ၅ ဦးသေတယ် ထိခိုက်ဒဏ်ရာရတဲ့သူကတော့ ၁၀ ဦးကျော်လောက်ရှိတယ် ဒဏ်ရာရတဲ့ သူတွေကိုတော့ဆေးကုသပေးထားတာတွေလုပ်ထားတယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်းမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေ အပြင် လက်နက်ကြီးတွေ နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတဲ့ အတွက် အရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေဟာလည်း ဆက်တိုက်ရှိနေရတာလည်းဖြစ်ပါတယ်။




