ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေကို စစ်ကော်မရှင်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိပြီးတော့ အဲဒီထိုးစစ်ဆင်တိုက်ခိုက်မှုအထဲမှာ စစ်ကော်မရှင်တပ်သားတွေဘက်က သေဆုံးမှုတွေများနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ သာပေါင်းမြို့နယ်အထဲက သဲဖြူ၊ မရမ်းကျင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးစတဲ့ ကျေးရွာ အနီးဝန်းကျင်မှာ ရှိနေတဲ့ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အဲဒီလို ထိုးစစ်ဆင်တဲ့ နေရာမှာ အကျအရှုံးအထိအခိုက်များစွာရှိနေပေမယ့်လည်း စစ်ကော်မရှင်တပ်သားတွေ အနေ နဲ့ ပြန်ဆုတ်ခွင့်မရတဲ့အတွက် အစု လိုက်အပြုံလိုက် သေဆုံးတာ နဲ့ ထွက်ပြေးမှုတွေရှိနေတာလည်း ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အခုလိုပြောပါတယ်။
“အကျအရှုံးများနေပေမယ့် ပြန်ဆုတ်ခွင့်မရှိဘူးလို့ သိရတယ် ပြန်ဆုတ်လာတဲ့ သူတွေကို ပစ်သတ်တာတွေလုပ်တယ်လို့ သိရတယ် အဲဒါကြောင့် ပြန်မဆုတ်ဘဲ အစုလိုက်အပြုံလိုက် အလင်းဝင်တာတွေ နဲ့ ထွက်ပြေးတာတွေ ရှိနေတယ်”လို့ သူကပြောပါတယ်။
ပုသိမ်သတင်းအထူးတပ်ဖွဲ့ရဲ့ သတင်းတွေ ဖော်ပြချက်အရလည်း စစ်ကော် မရှင်ဟာ အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းပြီးတော့ ရက်တိုစစ်သင်တန်း ပေးထားတဲ့ စစ်မှုထမ်းတပ်သားတွေကို ကျည်ကာတွေ မပေးဘဲ ရှေ့တန်း စစ်မျက်နှာပြင်ကို ထိုးစစ်ဆင်တိုက်ခိုက်ဖိုး အတင်းဖိအားပေး တွန်းပို့မှုတွေ လုပ်ဆောင်နေတဲ့ အတွက် အကျအရှုံးတွေ များနေပြီး ထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ အများအပြား ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
တဖက်မလည်း စစ်ကော်မရှင်တပ်တွေဟာ တိုက်ပွဲအတွင်းမှာ ကျရှုံးသွားတဲ့ တပ်ဖွဲ့ဝင်အလောင်းတွေထက် ဒဏ်ရာရ တပ်သားတွေကိုသာ ရွေးချယ်ကာ ကောက်ယူနေရတဲ့အတွက် သေဆုံးသူတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို သယ်ယူနိုင်ခြင်းလည်း မရှိဘူးဖြစ်နေရတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကိုတော့ ပုသိမ်စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၄ ကိုပို့ဆောင်ပြီးတော့ ဆေးဝါးကုသပေးနေတာတွေလည်းရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။
သတင်း – မြတ်သူ




