Home သတင်း စစ်ရေး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတဲ့ စစ်တွေမှာ မြို့တည်နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်ကိုကျင်းပဖို့လုပ်နေ

ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတဲ့ စစ်တွေမှာ မြို့တည်နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်ကိုကျင်းပဖို့လုပ်နေ

1123
2

Coastal News Agency

လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ်သံတွေကြားနေရတဲ့ စစ်တွေမှာ စစ်တွေမြို့တည်နှစ် ၂၀၀ပြည့်အထိမ်းအမှတ်ကို စစ်ကော်မရှင်က ကျင်းပဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့ကို ခရစ်သက္ကရာဇ် ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဗြတိသျှအင်္ဂလိပ်တို့က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ စစ်တွေမြို့တည် နှစ်ဟာ နှစ်ပေါင်း ၂၀၀ ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။

အရင်ကတည်းကပင် စစ်တွေမြို့တည်နှစ်ပွဲတွေကို မြို့မိမြို့ဖတွေ၊ဒေသခံတွေ၊သက်ဆိုင်ရာအစိုးရအဖွဲ့တွေ နဲ့ အတူတကွစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိခဲ့ပေမယ့် ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်လာခဲ့ပြီးနောက်ပိုင်းမှာတော့ ဒေသခံတွေ အနေ နဲ့ စစ်ဘေးတိမ်းရှောင်ကြရတာ စားဝတ်နေရေးအခက်အခဲတွေကိုဖြေရှင်းကြရတာတွေကြောင့် ဒီပွဲကို အရင်တုန်းကလို စည်စည်ကားကား ကျင်းပနိုင်တာတွေကို မလုပ်ဆောင်နိုင်ခဲ့တော့ဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။

ဒါပေမယ့် ဒီလို ပြည်သူတွေ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဒီပွဲကို စစ်ကော်မရှင်ကသာ ဦးဆောင်က ကျင်းပတာတွေ ဆက်တိုက်လုပ်ဆောင်နေတာတွေဖြစ်ပြီးတော့ ဒီနှစ်မှာလည်း ပစ်ခတ်သံတွေ ကြားကနေပြီးတော့ စစ်ကော်မရှင်ကတော့ မြို့တည်နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပဖို့ လုပ်ဆောင်နေတာတွေ့နေရတယ်လို့ စစ်တွေမြို့ခံတစ်ဦးက အခုလိုပြောပြပါတယ်။

“အရင်တုန်းကဆိုရင် မြို့မိမြို့ဖတွေ၊ဒေသခံတွေ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ လုပ်ကြတယ်။တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းမှာတော့ အဲဒီလိုပြည်သူတွေ ပူးပေါင်းကျင်းပတာတွေ မရှိတော့ဘူး။အခုလည်း ပစ်ခတ်သံတွေ ကြားကနေပြီးတော့ ပွဲကျင်းပရေးအတွက်ဆိုပြီးတော့ မြို့မိမြို့ဖတွေကို ခေါ်ပြီး စစ်ကော်မရှင်က အစည်းအဝေးလုပ်တယ် အကုန်လုံးက စစ်ပွဲကြောင့်သောကရောက်နေကြရတော့ ဘယ်သူမှလည်း စိတ်ဝင်စားမှု မရှိကြဘူး”လို့သူကပြောပါတယ်။

ဒါ့အပြင် စစ်တွေမြို့တွင်းမှာ ရှိနေကြတဲ့ ဒေသခံပြည်တွေအနေ နဲ့ မြို့တည်နှစ်ကျင်းပမယ့် နေ့ရက်မှာ တစ်အိမ်တစ်ယောက်ကျစီ မဖြစ်မနေ လာရောက်ကြဖို့အတွက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုတွေအနေ နဲ့ ခေါ်ယူပေးရမယ်လို့ ပြောဆိုထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမောင်သိန်းဖြူကတော့ ပွဲတော်ရက်တွေမှာ စစ်တွေမြို့ အထိမ်းအမှတ်သင်္ကေတဖြစ်တဲ့ နာရီစင် နဲ့ ပွိုင့်မီးပြတိုက်မျှော်စင်၊ ငြိမ်းချမ်းရေး ဗျာလရုပ်၊ နှိုးဆော်ရေးအလှပြယာဥ်တွေ နဲ့ တေးသံသာများသီဆိုပြီးတော့ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေပြီးတော့ ၂၃ ရက်နေ့အထိကို ကျင်းပဖို့လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေမြို့ရဲ့ အထင်ကရနေရာတွေမှာ မြေစိုက်ပိုစတာကြီးတွေ စိုက်ထူပြီးတော့ မြို့ရှင်/ရွာရှင်နတ်တွေကိုလည်း တမြို့လုံးလှည့်လည်ပူဇော်သွားမှာဖြစ်သလို စစ်တွေမြို့အတွင်းမှာရှိတဲ့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးထဲမှာ ပရိတ်ရွတ်ဖတ်ပူဇော်တာ၊ သက်ကြီးရွယ်အို အယောက် (၂၀၀) ကို ကန်တော့တာ နဲ့ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်မှာရှိတဲ့ ဝင်္ကဘာကွင်းမှာ စတိတ်ရှိုးပွဲတွေ နဲ့ ဖျော်ဖြေတာတွေ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here