စစ်တွေမြို့မှာရှိတဲ့ ဒစက ၅ ကာကင်းစခန်း ၂ ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်နေကြောင်း စစ်တွေ ဒေသခံ တွေက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စစ်တွေမှာ ရှိတဲ့ စစ်ကော်မ ရှင်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင် နေပြီတော့ ဒီနေ့ မနက်ပိုင်းမှာတော့ အဲဒီ ဒစက ၅ အတွက်လုပ်ဆောင်ထားတဲ့ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ သတင်းထွက်ကြော င်းစစ်တွေမြို့ ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။
“ဟုတ်တယ် အဲဒီလိုပြောနေကြတယ် ကာကင်းစခန်း ၂ ခုကိုသိမ်းပစ်လိုက်တယ်လို့ ပြောမေတယ် ဒီမနက်ပိုင်းမှာ သိမ်းလိုက်တာလို့ သိရတယ် ပြီးတော့ တပ်ဖွဲ့ဝင် ၃၀ ကျော်လောက်ကိုလည်း တပ်တော်က အရှင်ဖမ်းမိထားတယ် ပြောတယ် အကျအရှုံးလည်းတော်တော်ရှိတယ်လို့ ကြားရတယ်”လို့ သူကပြောပါတယ်။
အဲဒီကာကင်းစခန်းဟာ စစ်တွေမြို့ နဲ့ ၅ မိုင်ပတ်လည်မှာ ရှိတဲ့ ကာကင်းတပ်စခန်းတွေ ဖြစ်ပြီးတော့ စစ်အင်အား ၃၀၀ လောက်အထိကို အထိုင်ချပြီးတော့ အာရက္ခတပ်တော်ကို ခုခံတိုက်ခိုက်ဖို့ အတွက် ပြင်ဆင်ထားတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ တပ်စခန်း ၂ ခုသိမ်းပိုက်ခံရမှု ဟုတ်မဟုတ် ဆိုတဲ့ အခြေအနေကို သိရှိနိုင်ဖို့အတွက် စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့တာ မရှိခဲ့ပါဘူး။
အဲဒီလိုဘဲ အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခကိုလည်း ဒီအခြေအနေ နဲ့ ပတ်သက်ပြီး ဟုတ်မဟုတ်ကို အတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က စစ်ကော်မရှင်လက်ထဲကနေ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့က စစ်ကော်မရှင်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီတော့ ဒီရက်ပိုင်း အတွင်း အဲဒီမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လျှက်ရှိနေပါတယ်။




