ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ညီနောင်မဟာမိတ်တပ်တွေ ဖြစ်ကြတဲ့ MNTJP/MNDAA နဲ့ ULA/AA တို့က ဂုဏ်ပြုဆုတောင်း သဝဏ်လွှာပေးပို့ ခဲ့ကြပါတယ်။
အဲဒီလို ဂုဏ်ပြုဆုတောင်း သဝဏ်လွှာပေးပို့ တဲ့ အထဲမှာ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြောကြားသည့် “(၆၃) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့” ဂုဏ်ပြုမိန့်ခွန်းအား အနာဂတ် တအာင်းနိုင်ငံရေးလမ်းပြမြေပုံ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မှတ်ယူလျက် ဥက္ကဋ္ဌ၏မိန့်ခွန်းပါ မျှော်မှန်းချက်၊ ဆန္ဒများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း နှင့် တအာင်းတစ်မျိုးသားလုံးမျှော်မှန်းထားသည့် နိုင်ငံရေးရည်မှန်းချက်များနှင့်တကွ အလုံးစုံသော ကိစ္စရပ်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် ကိုးကန့်တပ် MNTJP /MNDAA နဲ့ ရက္ခိုင်တပ်တော် ULA/AA တို့က ဆုမွန်ကောင်းတောင်းပေးရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်တယ်”လို့ဖော်ပြထားပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)ဟာ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ တအာင်းအမျိုးသားတော်လှန်ရေး စတင်လာတာဟာ နှစ်ပေါင်း (၆၃) နှစ် အကြာ ရှိလာနေပြီလည်းဖြစ်ပါတယ်။
အဲဒီလိုတော်လှန်ရေး သက်တမ်း ၆၃ နှစ်ကြာလာတာ နဲ့ အတူ လက်ရှိမှာ တအာင်းပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တခဲ့ရတဲ့ “တအာင်းအမျိုးသား အောင်ပွဲ” နေ့ရက်မြတ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်တာ နဲ့ အတူ တစ်ပြိုင်နက်တည်းမှာဘဲ ဒီနေ့ကျရောက်တဲ့ မင်္ဂလာ ရှိသည့် (၆၃) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို တအာင်းပြည်သူတစ်ရပ်လုံးကလည်း ဂုဏ်ယူ ဝင့်ကြွားစွာ ကျင်းပနေကြတာကို မြင်တွေ့ရတဲ့ အတွက် မိမိတို့အနေ နဲ့လည်း များစွာဂုဏ်ယူပြီး ကျေနပ်ပီတိဖြစ်ရတယ်လို့ ဆိုထားပါတယ်။
စစ်ရေး၊ နိုင်ငံရေး ဘုံရည်မှန်းချက်တွေကို အတူတကွ လက်တွေ့အကောင်အထည်ဖော်ကြရင်း ညီနောင်မဟာမိတ်ပီသစွာ ဆယ်စုနှစ်ချီ လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ မိမိတို့ ဘဝတူ တော်လှန်ရေးညီနောင် မဟာမိတ် (၃) ဖွဲ့ထဲက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)ဟာ အမျိုးသားတန်းတူရေး၊ တအာင်းတို့ရဲ့ ကံကြမ္မာကို တအာင်းလူမျိုးများ ဖန်တီးခွင့်ရရှိရေး တွေအတွက် ခိုင်မာတဲ့ ရည်မှန်းချက်တွေ၊ တအာင်းပြည်သူလူထုတစ်ရပ်လုံးနဲ့ အတူ လက်တွဲတိုက်ပွဲဝင်လာ ခဲ့ကြတယ်လို့လည်း ဆိုထားပါတယ်။
အဲဒီလို တိုက်ပွဲဝင်လာတာ နဲ့ အတူ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ အချင်းချင်းအကြားမှာ မဟာမိတ်ပီသမှုကို စစ်မြေပြင်မှာ လက်တွေ့ကျစွာ အသက်၊ သွေး၊ ချွေး များစွာနဲ့ သက်သေပြခဲ့ကြတဲ့အလျောက် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ သဘောထားကြီးမြတ်မှု စတဲ့ ဂုဏ်ဒြပ်တွေ နဲ့ ခိုင်မြဲစွာတည်ဆောက်ခဲ့ကြတဲ့ လက်တွဲဖော် ညီနောင်တွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အဲဒီလိုဘဲ မိမိတို့အနေနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒ နဲ့ မိမိတို့ဟာလည်း ထပ်တူကျတဲ့အပြင် အဖိနှိပ်ခံဘဝတူများအဖြစ်တာကြောင့် အမြဲတမ်း အတူရှိနေတယ်ဆိုတဲ့ အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် တအာင်း အမျိုးသားအောင်ပွဲရရှိစေဖို့ အတွက် ကြိုးပမ်းမှုသမိုင်းတစ်လျှောက်လုံးမှာ အသက်၊ ဘဝ၊ ခန္ဓာ များစွာ ပေးဆပ်စွန့်လွှတ်ခဲ့ ကြရတဲ့ သက်ဆိုင်သူ အာဇာနည်သူရဲကောင်းအပေါင်းကိုလည်း ဦးညွှတ်ဂါရဝပြုတယ်လို့ ပြောဆိုထားပါသေးတယ်။




