စစ်တွေမှာရှိနေတဲ့ အရာရှိမိသားစုဝင်တချို့ကို စစ်ကော်မရှင်က ဒီနေ့ နေ့ လယ်လောက်မှာ စစ်တွေကနေ ရန်ကုန်သို့ စတင်ပြောင်းရွှေ့မှုတွေ လုပ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော်က စစ်တွေမြို့ နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ဒစက ၅ အတွက်လုပ်ထားတဲ့ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ လေကြော င်း နဲ့ အခုလို အရာရှိမိသားစုတွေကို စတင်ပြောင်းရွှေ့တာတွေလုပ်လာတာ ဖြစ်တယ်လို့ စစ်တွေ စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။
“နေ့လယ်လောက်မှာ မြန်မာ့အမျိုးသားလေကြောင်းလိုင်းနဲ့ အရေးပေါ်ပြောင်း ရွှေ့ကြတယ် ကျနော့်အထင်တော့ ဒစက ၅ ကာကင်း ၂ ခုကိုသိမ်းလိုက်တော့ သူတို့ ခုခံနိုင်မှာ မဟုတ်တော့ဘူးဆိုတာကို သိလို့ အခုလို့ အရေးပေါ်ပြောင်း ရွှေ့တာဖြစ်တယ်”လို့ သူကပြောပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်က သူတို့အရာရှိမိသားစုဝင်တွေကို အရေးပေါ်ပြောင်းရွေ့မှုတွေလုပ်ဆောင်နေပေမယ့် စစ်တွေမြို့တွင်း နေထိုင်နေကြတဲ့ ဒေသခံတွေကို မြို့တွင်းက ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားတယ်လို့လည်း စစ်တွေမြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ပြည်သူတွေကိုတော့ထွက်ခွင့်မပေးဘူး လက်နက်ကြီးပစ်ခတ်သံ၊လက်နက် ငယ်ပစ်ခတ်သံတွေကလည်း ဆက်တိုက်ကြားနေရတယ် ကျနော်တို့ တိုက်ပွဲ ဖြစ်လာရင် ထွက်မရဘဲ နေမှာ စိုးရိမ်တယ်”လို့ သူကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပင် စစ်တွေမှာရှိတဲ့ စစ်ကော်မရှင် တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီးတော့ ဒီနေ့မနက်ပိုင်းမှာ စစ်တွေမြို့နဲ့ ၅ မိုင်အကွာမှာ ရှိတဲ့ ကာကင်းစခန်း ၂ ခုကိုသိမ်း ပိုက်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်ဟာ စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ စစ်တွေ ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်တာတွေကိုလည်း လုပ်ဆောင်နေပါတယ်။




