တောင်ကုတ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်က လူသတ်ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ နေရာကတော့ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ ပန်းတော င်း-တောင်ကုတ်လမ်း နဲ့ အမ်းလမ်း လမ်းခွဆုံ အနီးမှာရှိတဲ့ ဦးခင်မောင်ညွန့် နဲ့ ဒေါ်အေးအေးမြင့် တို့နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။
ဖြစ်စဥ်မှာတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၈ နာရီအချိန် ဦးခင်မောင်ညွန့် တစ်ဦးတည်း အိမ်ထဲရှိနေစဥ်အတွင်းမှာ အိမ်ထဲဝင်ရောက်သတ်ဖြတ်ခံလိုက်ရပြီး အိမ်တွင်းမှာ ရှိတဲ့ ငွေသား သိန်း ၇၀ ကိုယူခံလိုက်ရတာ ဖြစ်တယ်လို့ တောင်ကုတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျနော်ကြားသလောက်ကတော့ သူ့မိန်းမက မနက်ပိုင်းစျေးသွားတော့ သူတစ်ယောက်တည်း အိမ်မှာ ကျန်နေခဲ့တာ အဲဒီအချိန်မှာ သတ်ဖြတ်ခံလိုက်ရတာ ကြီးတော့ ငွေသား တွေကိုယူသွားတယ်”လို့ကြားသိထားရတယ်။
သေဆုံးသူ ဦးခင်မောင်ညွန့် မှာ ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့် နေအိမ်သို့ ပြန်ရောက်လာချိန်မှာ လည်ပင်းမှာ ဓားဒဏ်ရာ နဲ့ အိမ်နောက်ဖေးမှာသေဆုံး နေတာကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီအမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ အုပ် ချုပ်ရေးမှူး နဲ့ DLEPS တပ်ဖွဲ့ဝင်ဆီမှာ အမှုဖွင့်တိုင်ကြားထားတယ်ပြီးတော့ DLEPS တပ်ဖွဲ့ကလည်းလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ကာ လိုအပ်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်လိုဘဲ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း မြောက်ဦးမြို့ ကိုးသောင်းဘုရား လက်ဝဲပိစိစေတီ ကုန်းခြေရင်းမှာ အမျိုးသား တစ်ဦးကို ပစ္စည်းယူ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။




