စစ်ကော်မရှင် နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေ့ကျောက်ဖြူမြို့ ကျောက်ကလေ ကျေးရွာ အနီးက စစ်ဘေးရှောင်စခန်းကို စစ်ကော်မရှင်က လေကြောင်း၊ဒရုန်းတွေ နဲ့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းလူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညည့် ၁၂ နာရီလောက်မှာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလည်းဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကို ကူညီပေးနေတဲ့ ဇင်ချောင်းလူငယ် ပရဟိတ အသင်း တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“ကျောက်ကလေကျေးရွာအနီးက စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ခံခဲ့ရတာပါ ညဘက်ကြီး လူတွေ အိပ်နေတဲ့ အချိန်မှာ ဂျက်ဖိုက်တာ ပြီးတော့ အသေခံဒရုန်းတွေ နဲ့ တိုက်ခိုက်ခဲ့တာ။အမျိုးသမီး ၂ ယောက်သေတယ် နောက် ၂ ယောက်ကတော့ ဒဏ်ရာရတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်စခန်းတွေ နေထိုင်နေတဲ့တဲတွေပျက်စီးသွားခဲ့သလို အဲဒီအနီးမှာ ရှိနေတဲ့ နွား ၉ ကောင်လည်း သေဆုံးသွားခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဟာ အဲဒီစစ်ရှောင်စခန်းကို တစ်ကြိမ်တည်းတိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ ဂျက်ဖိုက်တာ နဲ့ ၂ ကြိမ် ၊ အသေခံဒရုန်း နဲ့ ၂ ကြိမ် အပြင် ရေတပ် နေဗီက လက်နက်ကြီး နဲ့ အကြိမ် ၁၀ကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ ကလည်း ကျောက်ဖြူမြို့နယ် အတွင်းက သဖန်းချောင်းကျေးရွာကို လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် စစ်ရှောင်ပြည်သူ လင်မယား ၂ ဦးသေဆုံးခဲ့တာလည်း ရှိခဲ့ပါသေးတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူမြို့နယ် အတွင်းမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာတာ နဲ့ အတူ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာတာ တွေ့နေရတယ်လို့ ကျောက်ဖြူဒေသခံ တွေက ပြောဆိုကြပါတယ်။




