ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ရွာတော်ခရိုင် ၊အလယ်ခေါ်တောင်မြို့နယ် ဂျာနာလီပါရာကျေးရွာမှာ နေထိုင်နေကြတဲ့ မြိုတိုင်းရင်းသားတွေကို မွတ်ဆလင်တွေက အုပ်စုဖွဲ့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ အတွက် မြိုတိုင်း ရင်းသား ၂၀ နီးပါးထိခိုက်ဒဏ်ရာရ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက် (စနေနေ့) မနက် ၁၀ နာရီခန့်လောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်ခံရမှု ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ် နဲ့ ပတ်သက်ပြီးတော့ ဂျာနာလီပါရာကျေးရွာ ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“အဲဒီ ဇာဖားရ် ဆိုတဲ့ မွတ်ဆလင်တွေက သူများငှက်ပျောခြံထဲမှာ ငှက်ပျောသီးတွေခိုးတာ အဲဒါကို ရွာမှ ရှိတဲ့ ပိုင်ရှင်တွေ စုပေါင်းပြီးတော့ သူ့ကိုလက်ရဖမ်းတာ အဲဒါကို သူကမကျေနပ်ဘူး မကျေနပ်တော့ သူ့ အသိတွေခေါ်ပြီးတော့ ရွာကိုလာတယ် သူတို့မှာ လူ ၁၅ ယောက်လောက်ပါတယ်။သူတို့မှာ ဓါး၊ ပေါက်တူး၊ ပေါက်ဆိန် တွေပါတယ်။ ပြီးတာနဲ့ ရွာမှာ ရှိတဲ့ လူတွေကို အဲဒီဟာတွေ နဲ့ လိုက်ပြီးတော့ ရိုက်တယ် အဲဒီလို ရိုက်နှက်တဲ့ အခါမှာတော့ အုန်းဆောင် (၃၀) နှစ် နဲ့ ပရက်ကျာ (၂၆) နှစ် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်”လို့ သူကဆိုပါတယ်။
အဲဒီလိုကျေးရွာအတွင်း အုပ်စုဖွဲ့တိုက်ခိုက်နေမှုကို အလယ်ခေါ်တောင်ရဲစခန်းကိုသွားရောက်တိုင်ကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းပေးတာ မရှိဘူးလို့လည်းဒေသခံတွေကပြောပါတယ်။
အဲဒီလို ရဲစခန်းကို သွားရောက်တိုင်ကြားမှု လုပ်ဆောင်ခဲ့တဲ့ မြိုတိုင်းရင်းသားတွေကိုလည်း အဲဒီ မွတ်ဆလင် ဇာဖားရ် နဲ့ အပေါင်းအပါတွေက လမ်းကနေဖြတ်ကာ ထပ်မံတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အတွက် မြိုတိုင်းရင်းသား ဒါန်ယာ (၅၂)၊အမရ် ထရီပူရ (၅၀)၊ပရက်ကစ်ကျာ (၂၇) ၊အုန်းဆောင် (၃၀) ၊ ကတွန်ဂေါင် (၅၀) ၊ ငါန်ဝိုင်း (၂၇)၊ လန်ချင် (၃၀) ၊မင်းရူ (၄၀) အပါအဝင် နောက်ထပ် ၁၈ ဦးဟာလည်း ထပ်မံ ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိုတိုင်းရင်းသားဒေသခံတစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့တာ ရဲအရာရှိ အလမ်ဂါဟိုစိန်ကလာရောက်ဖြေရှင်းပေးမယ်လို့ ပြောတယ်။ဒါပေမယ့် ရောက်မလာဘူး။ညနေ ၅ နာရီလောက်ကျတော့ အဲဒီရဲအရာရှိကို ဖုန်းခေါ်တယ် မကိုင်ဘူး ဒီတော့ ရွာသားတွေစုပြီး ရဲစခန်းကို သွားထပ်သွားမယ်ဆိုပြီးသွားတယ်။ရဲစခန်းရောက်တော့ ရဲအရာရှိက သူ့နံပတ်ကို ခေါ်တာ မဟုတ်ဘူးဆိုပြီး ကျနော်တို့ကိုပြန်လွတ်တယ်။ အဲဒီတော့ ကျနော်တို့လည်း သုံးဘီးဆိုင်ကယ် (Tomtom) နှစ်စီး နဲ့ ရွာသို့အပြန်လာတော့ နိုယာပါရာ (ရွာသစ်ရွာ) သင်္ချိုင်းအနီးအရောက်မှာ အဲဒီမွတ်ဆလင်အဖွဲ့တွေက စောင့်ပြီးတော့ ထပ်ပြီးတိုက်ခိုက်တာကို ခံရတယ် ။အခုထိလည်း ဘယ်ရဲမှ လာမကြည့်ဘူး မဖြေရှင်းပေးဘူး”လို့ သူကပြောပါတယ်။
အဲဒီလို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခံနေရတဲ့ အတွက် ဒေသခံတွေမှာလည်း စိုးရိမ်ကြောက်လန့်မှုတွေ နဲ့ မလုံခြုံမှုတွေခံစားနေကြရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူနေတဲ့ ဇာဖားရ် ဟာ မြိုတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ငှက်ပျောသီး၊နာနတ်သီး နဲ့ နနွင်း တွေကို တစ်ခါတည်းခိုးယူတာမဟုတ်ဘဲ နှစ်ရှည်လများခိုးယူမှုတွေ လုပ်ဆောင်နေသူဖြစ်တဲ့ အတွက် ဒေသခံခြံပိုင်ရှင်တွေက ဖမ်းဆီးခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။




