စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ တရက်တည်းအတွင်းမှာ အောင်လံမြို့နယ် အတွင်းက မင်္ဂလာဆောင် အိမ်နဲ့ ဗန်းမော်မြို့နယ် အတွင်းက နာရေးအိမ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့တဲ့ အတွက် အရပ် သားအစုလိုက်အပြုံလိုက်သေဆုံးသူ ၂၆ ဦးထိရှိခဲ့ရပါတယ်။
မကွေးတိုင်း၊အောင်လံမြို့နယ် တပ်ကုန်းကျေးရွာအတွင်းက မင်္ဂလာဆောင် နေအိမ်ကို မနေ့က ဇန်နဝါရီ ၂၂ရက် နေ့လယ် နှစ်နာရီလောက်မှာ စစ်ကော် မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မင်္ဂဆောင်နေအိမ် အတွင်းမှာ ရှိနေတဲ့သူတွေထဲက ကလေးငယ်အပါအဝင် ၅ ဦးဟာ ပွဲချင်းပြီးသေဆုံးခဲ့ကြရသလို နောက်ထပ် ၁၀ ဦးထက်မနည်းတဲ့ ပြည်သူတွေဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ အောင်လံမြို့နယ်စစ်ရေးသတင်းစုဆောင်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီနေ့ တစ်ရက်ထဲမှာဘဲ ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ် အနောက်ဘက်အခြမ်းမှာ ရှိတဲ့ ကောင်ဂျာကျေးရွာ အတွင်းက နာရေးဆုတောင်းပွဲလုပ်နေတဲ့ နေအိမ်တစ်အိမ်ကိုလည်း ညနေ ၄ နာရီလောက်မှာ ဂျက်ဖိုက်တာတစ်စီး နဲ့ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် နာရေးအိမ်ကိုရောက်ရှိနေကြတဲ့ သူတွေထဲက ၂၁ ဦးဟာ ဗုံးထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြရသလို ဒဏ်ရာ ရသူတွေဟာလည်း အများအပြားရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ နေရာ ၂ ခုစလုံးဟာ ဘာတိုက်ပွဲတစ်စုံတရာမှ ဖြစ်ပွားတာမရှိတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း ဒေသခံ အဖွဲ့အစည်းတွေကပြောပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်တပ်ဟာ ဒီ ၂၀၂၆ ခု အတွင်းမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့လအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ပိုလုပ် ဆောင်လာနေတာကို တွေ့နေရတယ်လို့ စစ်ရေးအကဲဖြတ်တွေက သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ သိမ်း တိုက်ပွဲအတွင်းက အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထားရှိတဲ့ နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင် ခဲ့တဲ့ အတွက် အာရက္ခတပ်တော်က ပြန်လွှတ်ပေးဖို့ ပြင်ဆင်ထားတဲ့ သုံ့ပန်း နဲ့ မိသားစုဝင်ကလေးငယ်အပါအဝင် ၂၁ ဦးဟာ ပွဲချင်းပြီးသေဆုံးခဲ့ရသလို နောက်ထပ် သုံ့ပန်း ၃၀ ဟာလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ရပါတယ်။




