အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ဒီရက်ပိုင်းအတွင်းမှာ ရခိုင် – ပဲခူးလမ်း ပေါ်ကစစ်ကော်မရှင်ရဲ့ ကပစ ၁၆ နဲ့ ၂ မိုင်အကွာကို ရောက်ရှိနေပြီး ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ဒီရက်ပိုင်းအတွင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြိုနယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာ အနီးထိကိုရောက်ရှိလာနေတာလည်းဖြစ်ပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်ရဲ့ ကပစ ၁၆ အနီးရောက်လာတာ နဲ့ အတူ အာရက္ခတပ်တော်က ကပစ ၁၆ အနီးဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ အခြေ အနေကြည့်ပြီး အလစ်အငိုက် တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ အဲဒီစစ်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတာတော့ မဟုတ်ဘူး။ဒရုန်း နဲ့ ချလိုက် လစ်ရင်လစ်သလိုဝင်တိုက်လိုက်လုပ်နေတာဖြစ်တယ်။တိုက်ပွဲကတော့ မကြာမကြာဖြစ်နေတယ်”လို့သူကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဘက်ကလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ ရှေ့ဆက်တိုးမလာနိုင်အောင် ဂျက်ဖိုက်တာ ၊ဒရုန်း ၊ပါရာမော်တာတွေ နဲ့ ဗုံး ကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေ နဲ့ပါ ခုခံတိုက်ခိုက်တာကို လုပ်နေရတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ မြေပြင်စစ်ကြောင်းကို အင်အားအလုံး အ ရင်းဖြည့်တင်းပြီးတော့ အာရက္ခတပ်တော်ရှိနေတဲ့ မသုန်ကျေးရွာ အနီးထိကို ရောက်ရှိနိုင်ဖို့ ထိုးစစ်ဆင်နေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ရဲ့ စနိုက်ဘာပစ်ခတ်မှုကြောင့် စစ်ကော်မရှင်တပ် ဖွဲ့တွေဟာ ရှေ့ဆက်တိုးမရဘဲ အကျအရှုံးတွေ နဲ့ ရင်ဆိုင်နေရတယ်လို့လည်း အဲဒီစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုပါတယ်။
“စနိုက်ဘာသမားတွေရှိနေတော့ စစ်ကော်မရှင်ဘက်က မြေပြင်စစ်ကြောင်းတွေကလည်း တိုးမရဖြစ်နေတယ်။ထိခိုက်မှုတော့ ရှိတယ်လို့ သိရတယ်”လို့ သူကဆိုပါတယ်။
လက်ရှိအာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတဲ့ ကပစ (၁၆)ဟာ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်နိုင်ရေးအတွက် ခဲယမ်းအမျိုးမျိုးထုတ်လုပ်နိုင်ဖို့ အဓိက ယမ်းတွေကို ထုတ်လုပ်နေတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။




