ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက အများပြည်သူအင်တာနက်အသုံးပြုနိုင်ဖို့အတွက် ဝန်ဆောင်မှု ပေးထားတဲ့ နေရာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာကတော့ ပုဏ္ဏားကျွန်းမြို့နယ် နဲ့ ကျောက်တော်မြို့နယ် အစပ်မှာ ရှိတဲ့ ပက်ခွက်ဆိပ်ကျေးရွာသစ် အနီးက နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အဲဒီနေရာကို ဂျက်ဖိုက်တာ နဲ့ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ကနဦးသတင်းအရ အဆောက်အဦးတချို့ ပျက်စီသွားတယ်လို့ ကြားသိထားရကြောင်း ပုဏ္ဏားကျွန်းမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အာရက္ခတပ်တော် ရဲ့ နည်းပညာအဖွဲ့က အဲဒီမှာ စီးပွားရေးလုပ်ငန်း နဲ့ တ ခြား ငွေလွဲ ငွေပို့ကိစ္စတွေ အဆင်ပြေအောင်လို့ အင်တာနက်ဝန်ဆောင်မှု ပေးထားတာဖြစ်တယ်။လောလောဆယ်ကတော့ ကျနော် သိရသလောက် အဆောက်အဦးတွေ ပျက်သွားတယ်လို့ သိထားရတယ်”လို့ သူကပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးအသေးစိတ်ပျက်စီးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကပင် စစ်ကော်မရှင်ဟာ ရခိုင်က မြို့နယ်တွေကို ဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်တောက်တာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် ဒေသခံပြည်သူတွေဟာ စီးပွားရေး လှုမှုရေး လုပ်ငန်းတွေ အတွက် အခက်အခဲ များစွာ နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။
အဲဒီနောက် ရခိုင်ကနယ်မြေအများစုကို အာရက္ခတပ်တော်က ထိန်းချုပ်လာချိန်မှာ ဒေသခံတွေရဲ့ စီးပွားရေး ၊လူမှုရေးလုပ်ငန်းတွေ အတွက် လိုအပ်နေတဲ့ အင်တာနက်ဝန်ဆောင်မှုကို အာရက္ခတပ်တော် ULA/AA အဖွဲ့က စတားလင့် အင်တာနက်ဝန်ဆောင်မှုကို လုပ်ဆောင်ပေးခဲ့ပါတယ်။
ရခိုင်မှာ စစ်ရေး အရှုံးနဲ့ ရင်ဆိုင်ပြီးတော့ အာရက္ခတပ်တော်ကိုနယ်မြေအများစု လက်လွတ်ပေးလိုက်ရတဲ့ စစ်ကော်မရှင်ဟာ မကြာခဏဆိုသလို အရပ် သားပြည်သူတွေရှိရာနေရာကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးက စစ်သုံ့ပန်း အကျဉ်းစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် သုံ့ပန်း ၂၁ ဦးသေဆုံးပြီးတော့ ၃၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။
အလားတူဘဲ ကျောကိဖြူမြို့ နယ်အတွင်းမှာလည်း စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ နေရာတွေကို လေကြောင်း၊ဒရုန်း တွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်ပြည်သူတွေ သေဆုံးဒဏ်ရာ ရမှုတွေ ရှိနေပါတယ်။
သတင်း- ဟိန်းဆက်




