မန္တလေးနန်းတော်ကို ယတြာချေဖို့ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တည်းခိုနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM က သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မန္တလေးမှာ ကျင်းပနေတဲ့ အတုအ ယောင်ရွေးကောက်ပွဲကျင်းပရာ မဲရုံတွေကို သွားရောက်ကြည့်ရှုရင်းကနေ ယတြာချေဖို့ အတွက် မန္တလေးမြို့ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
အဲဒီလိုရောက်ရှိနေတာ နဲ့ အတူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တတည်းခိုနေချိန်မှာ အခုလို ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရတာပါ။
“မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၇ ရက်နေ့၊ မနက် ၄ နာရီ ၄၁ မိနစ်အချိန်တွင် မန္တလေး မင်းဝတ်တန်ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဟု သတင်းရရှိ သည့်အတွက် ကျွန်ုပ်တို့အဖွဲ့များအနေဖြင့် ညတွင်းချင်းစီစဥ်ပြီး ရန်သူကိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်”လို့ BWM အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရှော့တိုက်ဒုံး ၅ လုံးထဲက ၃ လုံးကတော့ လပခ အတွင်းကျရောက်ပေါက်ကွဲတာ ရှိခဲ့ပြီးတော့ လပခတိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်းကို ကနဦးစုံစမ်းသိရှိထားရတယ်လို့လည်း BWM က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နောက်ထပ် ထိခိုက်မှုအသေးစိတ်အခြေအနေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ဦးဆောင် စီမံမှုနဲ့ No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow (Mandalay) အဖွဲ့ နှင့် Infinity (အညာ) အဖွဲ့တွေက ဇန်နဝါရီလ ၂၇ ရက်၊ မနက် ၄ နာရီ ၃၀ မိနစ် မှာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။




