ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကော်မရှင်က အာရက္ခတပ်တော်ကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်မှုတွေရှိနေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့နယ် အနီးတဝိုက်က နေရာအများစုတွေကို အပြီးသတ်သိမ်း ပိုက်ရရှိထားပြီးဖြစ်သလို အဲဒီလို သိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်ကော်မရှင်က စစ်အင်အား လူ အင်အားအများအပြားဖြည့် တင်းပြီးတော့ ဒီလပိုင်းအတွင်းမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ပြင်ဆင်နေတာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက အခုလိုပြောပါတယ်။
“အခုစစ်ကော်မရှင်က ကျောက်ဖြူကို ရေကြောင်းက အင်အားဆက်တိုက်ဖြည့်နေတာရှိနေတယ် အဓိကတော့ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်နိုင်ဖို့ပြင် ဆင်နေတာဖြစ်တယ်။သူတို့ထိန်းချုပ်ထားပြီးတော့ လူမရှိတော့တဲ့ ရွာတွေမှာလည်း စခန်းတွေ အခိုင်အမာတည်ဆောက်နေတာတွေရှိနေတယ်”လို့သူကဆိုပါတယ်။
တဖက်ကလည်းရွေ့ရွေ့ နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အာရက္ခတပ်တော် ရဲ့ ထိုးစစ်တွေဟာကျောက် ဖြူမြို့နယ်အတွင်းက စစ်ကော်မရှင်ရဲ့ ဓညဝတီရေတပ်ဌာနချုပ် နဲ့ လေးမိုင်ခန့် အကွာနေရာထိကိုရောက်ရှိလာနေတဲ့ အတွက် ကြည်း၊ ရေ၊ လေ စစ်အင်အားများကို အသုံးပြုပြီးတော့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာတွေလည်းရှိနေတယ် စစ်ရေးသတင်းအရင်းမြစ်တွေက ဆိုပါတယ်။
အဲဒါကြောင့် ဒီဘက်အခြမ်းက အာရက္ခတပ်တော် ရဲ့ သိမ်းပိုက်ထားတဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ဆောင်နိုင်ဘဲဖြစ်နေတာဖြစ်တယ်လို့ အဲဒီစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
“ဟိုဘက်က တိုက်ခိုက်ခံနေရတော့ စစ်ကော်မရှင်က ဒီဘက်အခြမ်းမှာ ဘာမှမလုပ်နိုင်ဖြစ်နေတာ တပ်တော်ရဲ့ ထိုးစစ်တွေက ရွေ့ရွေ့ နဲ့ ရေတပ်ဌာနချုပ်ဘက်ကို သွားနေတော့ အဲဒီဘက်ကို ဦးစားပေးလိုက်လုပ်နေရတဲ့ သဘောဖြစ်နေတယ်။ဒီဘက်အခြမ်းမှာတော့ စခန်းတွေကို လူဖြည့်တာတွေတော့ ဆက်တိုက်လုပ်နေဆဲ ဖြစ်တယ်”လို့သူကပြောပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဓညဝတီရေတပ်ဌာနချုပ် ရဲ့ တောင်ဘက် လေးမိုင်ခန့်အကွာ ဦးကင်းကျေးရွာ အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။




