မာန်အောင်မြို့နယ်အတွင်းမှာ ရွေးကောက်ပွဲမတိုင်ခင်က စစ်ကော်မရှင်က ပေးထားခဲ့တဲ့ လျှပ်စစ်မီးဟာ ရွေးကောက်ပွဲ ပြီးပြီးတဲ့ နောက်ပိုင်းမှာ စတင်ပြတ်တောက်သွားပြီးဖြစ်တယ်လို့ မာန်အောင်ဒေသခံတွေက ဆိုပါတယ်။
စစ်ကော်မရှင်ဟာ သူတို့ ကျင်းပမယ့်ရွေးကောက်ပွဲ မတိုင်ခင်မှာ မာန်အောင်မြို့နယ်အတွင်းက ပြည်သူတွေကို သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ အနေ နဲ့ မဲလာထည့်ရင် ဖုန်းလိုင်း အင်တာနက်လိုင်းတွေ လျှပ်စစ်မီးတွေ ရအောင်လုပ်ဆောင်ပေးမယ်ဆိုကာ ပြည်သူတွေကိုစည်းရုံးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ စစ်ကော်မရှင်ဟာ မာန်အောင်မြို့က ကျေးရွာတချို့ကို MPT ဖုန်းလိုင်း ရအောင်ပြန်လည်လုပ်ဆောင်ပေးခဲ့တာရှိသလို မြို့ပေါ်ရပ်ကွက် ၅ ခု ကိုလည်း မီးစက်နိုးကာ အလှည့်ကျစီ လျှပ်စစ်မီးရအောင်လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် လက်ရှိရွေးကောက်ပွဲပေးပြီးသွားတဲ့အချိန်မှာတော့ မြို့ပေါ် ၅ ရပ်ကွက်ကို ပေးထားတဲ့ လျှပ်စစ်မီးမှာ လုံးဝမရရှိတော့ဘဲ ပြတ်တောက်သွားပြီးဖြစ်တယ်လို့ မာန်အောင်မြို့တွင်းမှာ နေထိုင်နေတဲ့ ဒေသခံ တစ်ဦးကအခုလို ပြောပြပါတယ်။
“မီးက ရွေးကောက်ပွဲမပြီးခင်ကဘဲ ရတာပါ အခုပြတ်သွားပြီး ဘာလုပ်ပေးမယ်၊ညာလုပ်ပေးမယ် ပြောတဲ့ ပါတီတွေလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြပြီ ပြည်သူတွေမှာကတော့ အရင်က ဒုက္ခက အရင်က ဒုက္ခအတိုင်းပါပဲ။အဲဒီကတိပေးခဲ့တဲ့ သူတွေကို သွားပြောတော့လည်း ဟိုလိုလိုဒီလိုလိုဘဲပြောနေကြတယ်”လို့ သူကပြောဆိုပါတယ်။
အခုလို စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲကို မဲလာပေးရင် လျှပ်စစ်မီး နဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ပြန်လည်ရရှိအောင်လုပ်ဆောင်ပေးမယ်လို့ ပြည်သူတွေကို လာရောက် ကတိပေးခဲ့ကြသူတွေကတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးမှုတွေ၊စခန်းမှူးတွေ နဲ့ ကမုံတောင်တပ် နဲ့ မျှော်တော်ဦးရေတပ်က ဗိုလ်ကြီးတွေက လာရောက်ပြောဆိုခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကြံခိုင်ရေးပါတီ၊ရခိုင်တိုင်းရင်းသားများပါတီ (RNP)ပါတီတွေကလည်း လူထုမဲဆွယ်စည်းရုံးရေး ကာလ အတွင်းမှာ ဒီအချက်တွေကို ဟောပြောကာ မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာတော့ အဲဒီလို ဟောပြောခဲ့တဲ့ သူတွေဟာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြပြီးဖြစ်တယ်လို့ နောက်ထပ် မာန်အောင်ဒေသခံ တစ်ဦးက ဆိုပါတယ်။
“သူတို့နိုင်တာ ရှုံးတာ သူတို့ကိစ္စ ပြောတော့ လေယာဉ်ကွင်းလုပ်ပေးမယ်၊ပျက်နေတဲ့ ဆိုလာစက်ရုံလုပ်ပေးမယ် ကတိတွေပေးပြီးတော့ ပြောတာ အခုမြို့ပေါ်ကို မီးပေးတာလည်း စစ်ကော်မရှင် နဲ့ ကြံခိုင်ရေးပေါင်းပြီးပေးတာ သူတို့ဟာလည်းပြီးရော ဘယ်သူမှ တာဝန်မခံဘဲ မီးကို ဖြတ်ပစ်လိုက်တာဖြစ်တယ်”လို့ သူကပြောပါတယ်။
မာန်အောင်မြို့နယ်ဟာ လက်ရှိမှာ စစ်ကော်မရှင်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲမြို့နယ်တစ်ခုဖြစ်ပြီးတော့ စစ်ကော်မရှင်က သွားလာခွင့်၊ကုန်စည်နဲ့ ဆေးဝါးတင်သွင်းခွင့်၊ငါးဖမ်းခွင့် စတာတွေကို ပိတ်ဆို့ခံထားရတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။
အဲဒီလို စစ်ကော်မရှင်က တားမြစ်ကန့်သတ်တာကို ခံထားရတဲ့ အတွက် ဒေသခံပြည်သူတွေဟာ အလုပ်အကိုင်မရှိတာ၊ကုန်ဈေးနူန်းအဆမတန်မြင့်တက်တာ၊စားဝတ်နေရေးခက်ခဲတာ စတာတွေကို ပါ ရင်ဆိုင်နေရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။




