စစ်ကိုင်းတိုင်းထဲက စစ်ကော်မရှင် နဲ့ ပျူစောထီးတို့ နှစ်ဖွဲ့ပေါင်း ထိုင်ထားတဲ့ ကိုးတောင်ဘို့ တပ်စခန်းကို အာက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
အဲဒီ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ကိုးတောင်ဘို့ တပ်စခန်းဟာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် နဲ့ ကန့်ဘလူနယ်အစပ် မှာ ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီတပ်စခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ ဖြစ်ကြတဲ့၊ ကောလင်းခရိုင်တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ပကဖ နဲ့ KB2 ကန့်ဘလူတပ်ရင်းတွေက ပြီးခဲ့တဲ့ ဇန်နဝါ ရီလ ၂၅ရက်နေ့ ညမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။
“၄ ရက် နဲ့ တစ်ည ပေါ့တိုက်တာက အဲဒီမှာ စစ်အင်အားက စစ်ကော်မရှင်တပ် ပျူစောထီး စုစုပေါင်း ၂၀၀ ကျော်လောက် ရှိတယ်။အရှင်ဖမ်းမိတာတွေလည်း ရှိတယ် ထွက်ပြေးသွားတာတွေလည်းရှိတယ် သေတဲ့သူတွေလည်း ၂၀ ကျော်လောက် ရှိတယ်”လို့ ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲ အတွင်းက အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ လက်နက်ခဲယမ်းတွေလည်း အမြောက်အများ သိမ်းဆည်းရမိခဲ့တာ ရှိခဲ့သလို အသက်ရှင်လျှက် ကောလင်း နဲ့ ချပ်သင်းဘက်ကို ထွက်ပြေးနေကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးတဲ့ နောက် ပိုင်းမှာ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်တာ နဲ့ ဝန်းသိုအမြောက်တပ်နဲ့ ကျောက်တိုင်ကုန်းက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာကို ဆက်တိုက်လုပ် ဆောင်ခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – မြတ်သူ




