ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးငူကျေးရွာကို စစ်ကော်မရှင်လေတပ်က ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၂ နာရီ ၅ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီကျေးရွာအတွင်းမှာ နေထိုင်နေကြတဲ့ အရပ်သားပြည်သူ ၁၁ ဦးသေဆုံးခဲ့ရပြီးတော့ နောက်ထပ်အရပ်သားပြည်သူ ၈ ဦးထက်မနည်းဟာလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ကနဦးသတင်းသိရှိထားချက်အရပြောပါတယ်။
သေဆုံးသွားသူ ၁၁ ဦးထဲမှာလည်း အသက်မပြည့်တဲ့ ကလေးငယ် ၄ ဦးပါဝင်သွားခဲ့ရသလို ဒဏ်ရာရသူတွေထဲမှာလည်း ကလေးငယ်တွေ ပါဝင်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတွေက ပြောပါတယ်။



လက်ရှိစစ်ကော်မရှင်လေတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ယိုးငူကျေးရွာဟာ စစ်တွေ -ရန်ကုန် ပြည်ထောင်စုကားလမ်းမဘေးမှာ ရှိနေတဲ့ ကျေးရွာတစ်ခုဖြစ်သလို စစ်ဘေးရှောင်ပြည်သူ အများစု နေထိုင်နေတဲ့ ကျေးရွာတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်မှာစစ်ရေး အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ ဒီနှစ်စပိုင်းကပင်စတင်ပြီးတော့ ရခိုင်က သူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မြို့နယ်တွေက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေတာကိုလည်းတွေ့နေရပါတယ်။




