ပုဏ္ဏားကျွန်း ယိုးငူရွာစျေး ဗုံးကြဲခံရမှု သေဆုံးသူ (၁၇) ဦး နဲ့ ဒဏ်ရာရသူ ၁၄ ဦးထိတိုးလာနေ
စစ်ကော်မရှင်က ဒီနေ့ နေ့လယ် ၂ နာရီ ၅ မိနစ်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးငူကျေးရွာစျေး တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ဦးရေဟာ ၁၇ ဦးရှိလာနေသလို ဒဏ်ရာရသူဟာလည်း ၁၄ ဦးထိရှိလာနေတယ်လို့ အာရက္ခတပ်တော််က သတင်းထုတ်ပြန်လာပါတယ်။
သေဆုံးသွားဒဏ်ရာရသူတွေထဲမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေလည်းပါဝင်နေတာဖြစ်ပြီးတော့ ဒဏ်ရာရသူ တွေထဲမှာလည်း စိုးရိမ်လူနာတချို့ပါဝင်နေတယ်လို့လည်းဆိုပါတယ်။
လက်ရှိစစ်ကော်မရှင်လေတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ ယိုးငူကျေးရွာဟာ စစ်တွေ -ရန်ကုန် ပြည်ထောင်စုကားလမ်းမဘေးမှာ ရှိနေတဲ့ ကျေးရွာတစ်ခုဖြစ်သလို စစ်ဘေးရှောင်ပြည်သူ အများစု နေထိုင်နေတဲ့ ကျေးရွာတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအရပ်သားပြည်သူနေထိုင်ရာနေရာကို စစ်ကော်မရှင်အနေ နဲ့ ရက်ရက် စက်စက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ အပေါ် ရခိုင်ကစစ်ဘေးရှောင်အရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က အခုလို သုံးသပ်ပြောဆိုထားပါတယ်။
“စစ်ကော်မရှင်၏ ပင်မစိတ်ဓာတ်မှာကိုယ်ကပင် အကြမ်းဖက်လိုတဲ့ စိတ်ဓာတ်တွေက နဂိုကတည်းကပင် ပါလာတယ် အဆိုးဆုံးကတော့ သူတို့ အာရက္ခတပ်တော်ကို တိုက်လို့မနိုင် အဲဒီလိုဖြစ်လာတဲ့အခါမှာ အရပ်သားပြည်သူကိုသတ်ဖြတ်မှ နိုင်တယ်လို့ အမြင်ရောက်သွားတဲ့ပုံပေါက်တယ်။အဲဒါကြောင့် ဒီလုပ်ရပ်ဟာ အကြမ်းဖက်သမားက အကြမ်းဖက်လုပ်ရပ်ကို လုပ်တာလို့ မြင်တယ်”လို့ သူကပြောပါတယ်။


ရခိုင်မှာစစ်ရေး အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ ဒီနှစ်စပိုင်းကပင်စတင်ပြီးတော့ ရခိုင်က သူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မြို့နယ်တွေက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေတာကိုလည်းတွေ့နေရပါတယ်။




