ကျောက်ဖြူမြို့နယ် အတွင်းမှာရှိတဲ့ င/အုပ်ကျေးရွာ အနီးက စစ်ဘေးရှောင် စခန်းကို စစ်ကော်မရှင်က ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ သူ ၂ ဦးကတော့ စစ်ဘေးရှောင်ဖို့ရောက်နေတဲ့ ကျောက် ဖြူမြို့နယ် သဗြုတောင်ကျေးရွာက အသက် ၇၀ ကျော်အရွယ် ဦးမောင်စိန်နု နဲ့ ဇိုင်ချောင်းကျေးရွာက အသက် ၄၀ ကျော်အရွယ် ဦးမောင်ခင်ထွန်းတော့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဦးမောင်စိန်နု မှာတော့ ညာဖက်လက်ကျိုင်း ပြင်းထန်ဒဏ်ရာရခဲ့ရပြီးတော့
ဦးမောင်ခင်ထွန်းမှာတော့ တင်သားမှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို စစ်ရှောင်စခန်းကို ဒရုန်းနဲ့ဗုံးကြဲခံရပြီးတဲ့နောင်ပိုင်းမှာတော့ အဲဒီစခန်းမှာ ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ မနေရဲတော့တာကြောင့် ဘေးလွတ်ရာနေရာတွေကို အရေးပေါ်ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေကြရတယ်လို့လည်းဆိုပါတယ်။
အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ဒီရက်ပိုင်း ကျောက်ဖြူ မြို့နယ် အတွင်းက နေရာ ၄ ခုမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာ ရှိပြီးတော့ စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာကိုပါ အပြင်းအထန်လုပ် ဆောင်နေတယ်လို့ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုကြပါတယ်။




