ရခိုင်ကမြို့နယ်တွေကို စစ်ကော်မရှင်လေတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ခံရပြီးတဲ့နောက်မှာ လေကြောင်းအန္တရာယ် အသိပေးစနစ် ရရှိရေးအတွက်ကို ဒေသခံတွေအနေ နဲ့ လိုလားနေကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ဒီဖေဖော်ဝါရီလ တစ်လအတွင်းမှာဘဲ ပုဏ္ဏားကျွန်း၊မြောက်ဦး နဲ့ ကျောက်ဖြူမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မဘနည်းကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီထဲက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းဗုံးကြဲခံရမှူ ဖြစ်စဥ်ဟာ ကလေးငယ်အပါအဝင် လူ ၁၈ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၅ ဦးအထိရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒီဖြစ်စဥ်ဟာ ဒီနှစ်ထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်တဲ့ ဖြစ်စဥ်တစ်ခုလည်း ဖြစ်ခဲ့ရပြီးတော့ နောက်ထပ်ဒီလိုဖြစ်ရပ်တွေ ထပ်မကြုံရအောင် လေကြောင်းအန္တရာယ် အသိပေးစနစ်တွေကို အာရက္ခပြည်သူ့တော်လှန်ရေး အစုိးရ အ နေ နဲ့ ဆောင်ရွက်ပေးစေချင်တယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံ တစ်ဦးက အခုလိုတောင်းဆိုပါတယ်။
“လေကြောင်းအန္တရာယ် အသိပေးစနစ်ကတော့ တကယ်လိုအပ်လာနေတယ်။အခုဟာက လေကြောင်းက ဗုံးချပြီးတဲ့ အခါမှ ကျနော်တို့က ဗုံးခိုကျင်းထဲ ဝင်ရတဲ့ သဘောဖြစ်နေတယ်။ဒီကိစ္စကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်နေတာဖြစ်တယ်”လို့ သူကတောင်း ဆိုပါတယ်။
ဝေဟင်ကင်းထောက်အဖွဲ့ကတော့ လေကြောင်းအန္တရာယ်အသိပေးစနစ်ကို ဖုန်းကနေ တဆင့်သိရှိနိုင်အောင်တီထွင်ပေးထားတဲ့ နည်းပညာကို ပြည်မက ဒေသတချို့မှာ အသုံးပြုနေတာတွေရှိနေပေမယ့် ရခိုင်မှာတော့ အင်တာနက်မရှိတာကြောင့် ဒီစနစ်ကို အသုံးပြုနိုင်တာတော့မရှိသေးပါတယ်။
ဒါကြောင့်လက်ရှိပြည်မဒေသမှာ အသုံးပြုနေတဲ့ ဝေဟင်ကင်းထောက်အဖွဲ့ ရဲ့ နည်းစနစ်ကို အသုံးပြုပြီးတော့ ရခိုင်ဒေသမှာလည်း ဒီဖုန်းကနေတဆင့် လေ ကြောင်း အသိပေးစနစ်ကို လုပ်ဆောင်ပေးစေလိုတယ်လို့ နောက်ထပ် မြော က်ဦးဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။
“အဲဒီစနစ်က ဘာလဲဆိုတာကိုတာတော့ ကျနော်တို့လည်းမသိဘူး ဒါပေမယ့် ဒီလို လေယာဥ်လာတာကို ဖုန်းကနေသိရတယ်ဆိုတာက ကျနော်တို့ အသက် တွေအတွက် လုံခြုံမှုတစ်ခုဖြစ်တယ် ဒါ့ကြောင့် ဒီကိစ္စကို အကောင်အထည် ဖော်လုပ်ဆောင်ပေးစေချင်တယ်”လို့လည်းသူကတောင်းဆိုပါတယ်။
ဝေဟင်ကင်းထောက်အဖွဲ့က ဖန်တီးထားတဲ့ လေကြောင်းအန္တရာယ်အသိပေးစနစ်ဟာ မိမိနေထိုင်ရာမြို့နယ်ရဲ့ ကီလိုမီတာ ၈၀ ကနေ ၁၀၀ အတွင်းကိုလေယာဉ်ဝင်ရောက်လာခဲ့ရင် ဖုန်းကနေတဆင့် အလိုအလျောက် အချက်ပေးသံမြည်သည့်စနစ်ကို ပေးထားတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် အင်တာနက်လိုင်းရရှိနိုင်ရေးက အဓိကဖြစ်နေတာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း အာရက္ခပြည်သူ့တော်လှန်အစိုးရအနေ နဲ့ လူတိုင်းအင်တာနက်အသုံးပြုမှု ရရှိနိုင်ရေးအတွက်ကို ဆောင်ရွက်ပေးခဲ့ရင် ယခုထက် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေတဲ့ အတွက် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။




