Home သတင်း မိုင်းအန္တရာယ် ရမ်းဗြဲမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ် ၂ဦးသေဆုံး

ရမ်းဗြဲမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ် ၂ဦးသေဆုံး

150
0
ပုံ၊ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကစစ်ကျန်ဗုံးသီးကို ပစ်ပေါက်ရာကနေ ပေါက်ကွဲပြီး ဒဏ်ရာ ရရှိခဲ့တဲ့ ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှရပ်ကွက်က ဒေသခံများ။MPA

(မိုင်းရှင်လင်းရေး နဲ့ အသိပညာပေးလုပ်ငန်းလုပ်ကိုင်ပေးဖို့လိုအပ်နေ)

CNA ၊ ကောင်းဆက်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ က ရမ်းဗြဲမြို့နယ်အတွင်းမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ရမ်းဗြဲဒေသခံ လူငယ် ၂ ဦးသေဆုံးခဲ့ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ သူတွေကတော့ ရမ်းဗြဲမြို့ကင်းတဲရပ်ကွက်က အသက် ၁၆ နှစ်အရွယ် မောင်ဖြိုးဝေစိုး နဲ့ ရမ်းဗြဲမြို့ အောင်ဆိပ်ရပ်ကွက်က အသက် ၁၇ နှစ်အရွယ် မောင်ကောင်းခန့်ပိုင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီလိုသေဆုံးသွားတဲ့ မောင်ဖြိုးဝေစိုး နဲ့ မောက်ကောင်းခန့်ပိုင်းအပါအဝင် သူငယ်ချင်း ၇ ယောက်ဟာ အောက်တို ဘာလ ၁၈ ရက်နေ့ညမှာ ရမ်းဗြဲမြို့ပေါ်မှာ ရှိတဲ့ အင်းတောင်တံတားပေါ်မှာ သောက်စားနေရာကနေ အဲဒီစစ်ကျန်ဗုံးသီးကို ယူဆောင်လာပြီး ထုလိုက်ရာကနေ ပေါက်ကွဲပြီး အခုလိုဒဏ်ရာရ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ရမ်းဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့သူငယ်ချင်းတစ်ဖွဲ့ အဲဒီတံတားပေါ်မှာ သောက်စားကြတယ်လို့ သိရတယ်။ အဲဒီအချိန်မှာ အဲဒီဗုံးသီးကို တွေ့တော့ သူတို့ထဲက တစ်ယောက်က ကောက်လာတယ်လို့ သိရတယ်။အဲဒါက မပေါက်ကွဲပဲကျန်နေသေးတော့ ပေါက်တယ် မပေါက်ဘူး ငြင်းခုန်ရာကနေပြီးတော့ တစ်ယောက်က အဲတာကို ကျောက်ခဲနဲ့ သွားထုတယ်လို့ ပြောတယ် အဲဒီအချိန်မှာ ပေါက်ကွဲသွားတာလို့”သူကပြောပါတယ်။

လက်ရှိ ဒဏ်ရာရရှိသူ ၅ ဦးကိုတော့ ဆေးကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့လည်းဆိုပါတယ်။
ရမ်းဗြဲမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကလည်း ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှရပ်ကွက်မှာ စစ်ကျန် ဗုံးသီးတစ်လုံကို တွေရှိပြီး ပစ်ပေါက်ရာကနေပေါက်ကွဲလို့ ကလေးသုံးဦးအပါအဝင် မိသားစုဝင် ငါးဦး ဒဏ်ရာရ သွားခဲ့တာ ရှိခဲ့ပါတယ်။

ဒေသခံတွေကြားမှာ အခုလို ဖြစ်ရပ်တွေ ကြုံတွေ့နေရတာကြောင့် စစ်ကျန်လက်နက် နဲ့ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းတွေကို လူမှု အဖွဲ့အစည်းဒါမှ မဟုတ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အသိပညာပေး ဟောပြောမှုတွေ လုပ်ဆောင်ပေးဖို့အတွက် အထူးလိုအပ်နေတယ်လို့ ရမ်းဗြဲဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။

“မိုင်းရှင်းလင်းရေးလုပ်တာ မလုပ်တာထက် စစ်ကျန်လက်နက်တွေ့ ရင် ဘာမလုပ်သင့်ဘူးဆိုတာကို အခုကအသိပညာပေး ဖို့လိုနေတာပေါ့ ဘာဖြစ်လို့လည်းဆိုတော့ အခုပြည်သူတွေက အဲဒါတွေ နဲ့ မရင်းနှီးဖြစ်နေတဲ့ အခါ စမ်းသပ်လိုစိတ် ငြင်းခုန်လိုစိတ်တွေ ဖြစ်နေကြတယ်။မေလတုန်းက ဖြစ်တာလည်း ကလေးက အဲဒီ ဗုံးသီးကို ကစားစရာမှတ်ပြီး ယူလာတယ် ပြီးတော့ ပစ်ပေါက်တယ် အဲဒီကနေပေါက်ကွဲတယ်။အခုဟာကလည်း မပေါက်ဘူးပေါက်တယ် ငြင်းတယ် စမ်းသပ်တယ် အဲဒီကနေဖြစ်တယ်ဆိုတော့ ဒီကိစ္စကို သူတို့ ကောင်းကောင်းနားမလည်လို့ အခုလို ဖြစ်နေရတာ ဒါကို အသ်ပညာပေးမှု ကောင်းကောင်းလုပ်ပေးဖို့ လိုတယ်လို့”ဆိုပါတယ်။

ရမ်းဗြဲမြို့နယ် အတွင်းမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ ကပင်တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့နောက် ရက်ပေါင်း ၈၅ ရက်ကြာ တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီးနောက်မှာ ရမ်းဗြဲတစ်မြို့လုံးကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here