Home သတင်း မိုင်းအန္တရာယ် ရခိုင်က နေရပ်ပြန်ဝင်ခွင့်ရတဲ့ စစ်ရှောင်တွေ မိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရတာ ဆက်တိုက်ရှိနေ

ရခိုင်က နေရပ်ပြန်ဝင်ခွင့်ရတဲ့ စစ်ရှောင်တွေ မိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရတာ ဆက်တိုက်ရှိနေ

55
0
ပုံ - APM

CNA ၊ လင်းလင်း။

ရခိုင်မှာ စစ်ကောင်စီလက်ထဲက နေ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့မြို့တွေက နေရပ်ပြန်ဝင်ခွင့် ရတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ ဒီလပိုင်းအထဲမှာ စစ်ကျန်မိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲတာကြောင့် ဆက်တိုက်ဆိုသလို ထိခိုက်ဒဏ်ရာရတာတွေကို ရှိလာနေရတယ်လို့ ဒေသခံ ပြည်သူတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိပြီးတဲ့ နောက်မှာ အာရက္ခတပ်တော်ဟာမြို့တွင်းမိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးနောက်မှာ ဒေသခံ ပြည်သူတွေကို နေရပ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ အတွက် ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် ဒီမတ်လ အတွင်းမှာပဲ ကျောက်တော် ၊မောင်တော၊အမ်း၊ မင်းပြား နဲ့ တောင်ကုတ်မြို့တွေက ဒေသခံ တွေဟာ စစ်ကျန်မိုင်း နဲ့ စစ်ကျန်လက်နက်တွေပေါက်ကွဲတာတွေကြောင့် ဆက်တိုက်ဆိုသလို ထိခိုက်ဒဏ်ရာ ရတာတွေကိုလည်း တွေ့လာနေကြရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ တစ်ရက်တည်းမှာ မင်းပြားမြို့နယ် ၊ သပြေညိုရပ်ကွက်က အသက် (၄၀) ကျော်အရွယ် ဒေါ်စံဝင်းမေဆိုတဲ့ အမျိုးသမီးဟာ ကျိန်းတောင် သို့ ဟင်းရှာသွားတဲ့ လမ်းမှာ စစ်ပွဲ အတွင်းက ကျန်နေခဲ့တဲ့ မိုင်းကို နင်းမိပြီး ပေါက်ကွဲလို့ ခြေထောက် တစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့ရတာ ရှိသလို ကျောက်တော်မြို့နယ်၊မင်းသားတောင်ကျေးရွာ အတွင်းမှာလည်း ချောင်းထဲက ရလာတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို ထုကြည့်ရာကနေ ပေါက်ကွဲပြီးတော့ ကလေးငယ် ၁ ဦးပွဲချင်းပြီး သေဆုံးပြီးတော့ နောက်ထက် ၄ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ကျောက်တော်မြို့နယ်အတွင်းက လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

“မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ကြောင့် ဆက်တိုက်ဆိုသလို ထိခိုက်ဒဏ်ရာရတာတွေ ဆက်တိုက်တွေ့နေရတယ် မနေ့ကလည်း ကျောက်တော်မှာ ချောင်းက ရလာတဲ့ ဗုံးသီးကို ထုလို့ တစ်ယောက်သေပြီး ၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ကျနော်တို့ သိထားရတယ်။လောလောဆယ်တော့ ဘယ်သူဘယ်ဝါဆိုတာကို သိနိုင်ဖို့ အတွက်က ကျနော်တို့ နဲ့ ဝေးတော့ ကျနော်တို့လည်း စုံစမ်းနေတယ်။ဖုန်းလိုင်းတွေကလည်း ဆက်မရတော့ အတည်မပြုနိုင်သေးဘူး “လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ မှာလည်း မောင်တောမြို့၊ လသာရပ်ကွက်က အသက် (၄၄) နှစ်အရွယ် မွတ်ဆလင်တစ်ဦးဖြစ်တဲ့ အဒူဟာလေ့ခ်ဟာ ရွှေဇားရွာဘက်သို့ ငါးရှာသွားချိန်မှာ စစ်ပွဲ အတွင်းက ကျန်ရှိနေခဲ့တဲ့ မိုင်းကို နင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ရသလို

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ကံပိုင်ရပ်ကွက်က နေအိမ် ခြံဝင်းအတွင်းမှာ သန့်ရှင်းရေး လုပ်နေချိန်မှာ စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ မိုင်းပေါက်ကွဲ ပြီးတော့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ရှိခဲ့သလို မတ်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်းမှာ တောင်ကုတ်မြို့နယ် ၊အမ်းမြို့နယ်၊မောင်တောမြို့နယ်တွေမှာလည်း စားသောက်ရေး အတွက်ဟင်းရှာသွားရာကနေ စစ်ကျန်မိုင်းနင်းမိပေါက်ကွဲတာကြောင့် အရပ်သားပြည် ၃ ဦးထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။

ဒီလိုမိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူ အများစုဟာ လက်လုပ်လက်စားဒေသခံတွေကသာ အများဆုံးကြုံတွေ့နေကြရတာဖြစ်တယ်လို့လည်း အဲဒီကျောက်တော် မြို့နယ်အတွင်းက လူမှုကူညီရေး လုပ်ဆောင်နေသူက ဆက်လက်ပြောဆိုပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော် ဟာ မိုင်းရှင်းလင်းရေးတွေ နဲ့ မိုင်းအသိပညာပေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် ဒေသခံတွေ အနေ နဲ့ မိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကို ဆက်တိုက်ရင်ဆိုင်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ အထိကောက်ယူထားတဲ့ စာရင်းတွေ အရမြေမြှုပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၈၈၉ ဦးအထိရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here