CNA ၊လင်းလင်း။
သံတွဲ နဲ့ တောင်ကုတ်မြို့နယ်တွေမှာ တိုက်ပွဲ အတွင်းက စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကို နင်းမိပြီးတော့ အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က သံတွဲမြို့ ၊ ရေဖြူအိုင်ကျေးရွာအတွင်းက ကျေးရွာအနီးတဝိုက်မှာ ထင်းခွေ သွားတဲ့ မောင်ဆန်းဝင်းဆိုသူဟာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိခဲ့တာကြောင့် မိုင်းပေါက်ကွဲပြီး ညာဘက်ခြေထောက် တဖက်ပြတ်ထွက်သွားခဲ့ရတာ လည်း ဖြစ်ပါတယ်။
လက်ရှိမိုင်းနင်းပေါက်ကွဲမှု ဖြစ်ပွါးခဲ့တဲ့ ရေဖြူအိမ်ကျေးရွာ ဟာ ငပလီမြို့ မောင်ရွှေလေးရေတပ်စခန်း နဲ့ အနီးဝန်းကျင်မှာ ရှိနေတဲ့ ကျေးရွာတစ်ခုဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံကုကွယ်နိုင်ဖို့ အတွက် မြေမြုပ်မိုင်းတွေကို အလွန်အကျွံသုံးပြီး ထောင်ထားခဲ့တဲ့ နေရာတွေက ကျေးရွာတွေ ဖြစ်တယ်လို့လည်း သံတွဲ ဒေသခံ တွေက ပြောပါတယ်။
အဲဒီလိုပဲ တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာအတွင်းက ဦးကျော်မြင့် ဆိုသူမှာ ကျေးရွာအတွင်းရှိ ဆီဆိုင်နဲ့ စာသင်ကျောင်းကြားလမ်းလျှောက်သွားစဉ်မှာ စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ မိုင်းကို နင်းပြီးတော့ မိုင်းပေါက်ကွဲကာ ညာခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရတယ်လို့လည်းဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရခိုင်ပြည် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိပြီးတဲ့ နောက်မှာ အာရက္ခတပ်တော်ဟာမြို့တွင်းမိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးနောက်မှာ ဒေသခံ ပြည်သူတွေကို နေရပ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ အတွက် ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော် ဟာ မိုင်းရှင်းလင်းရေးတွေ နဲ့ မိုင်းအသိပညာပေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် ဒေသခံတွေ အနေ နဲ့ မိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကို ဆက်တိုက်ရင်ဆိုင်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ဒီမတ်လ ၁၁ ရက်နေ့ကပင် ၁၉ ရက်နေ့အထိ ကျောက်တော် ၊မောင်တော၊အမ်း၊ မင်းပြား နဲ့ တောင်ကုတ်မြို့တွေမှာ စစ်ကျန်လက်နက် နဲ့ မိုင်းပေါက်ကွဲ မှုကြောင့် ဒေသခံ ပြည်သူ ၉ ဦး ဒဏ်ရာရရှိခဲ့တာ ရှိခဲ့ပြီး တစ်ဦးဟာလည်း သေဆုံးခဲ့ရပါတယ်။
ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ အထိကောက်ယူထားတဲ့ စာရင်းတွေ အရမြေမြှုပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၈၈၉ ဦးအထိရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။