ရခိုင်မှာ အာရက္ခတပ်တော်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒေသခံပြည်သူတွေ အနေ နဲ့ မိုင်း နဲ့ စစ်ကျန်လက်နက် အန္တရာယ်တွေကြောင့် တောတောင်တွေမှာ လွတ်လပ်စွာ ရှာဖွယ်စားသောက်ခွင့်မရတာတွေ နဲ့ ရင်ဆိုင်နေကြရပါတယ်။
ရခိုင်မှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးတာရှိခဲ့ပြီးတော့ လက်ရှိမှာတော့ အာရက္ခတပ်တော်က ပလက်ဝဒေသအပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ်ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်။
အဲဒီလို အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့မြို့တွေမှာ တိုက်ပွဲကာလအတွင်းက စစ်ကော်မရှင်တပ်တွေ ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကြောင့် ဒေသခံတွေဟာ တောတောင်တွေမှာ လွတ်လပ်စွာရှာဖွေစားသောက်ခွင့်မရတဲ့ အခြေ အနေတွေ နဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“တိုက်ပွဲမဖြစ်ခင်က တောတွေတောင်တွေကိုသွားရရင်လည်း စိတ်ချမ်းသာသာ နဲ့ သွားရတယ် ရှာဖွယ်စားသောက်ဖို့သွားရင်လည်း ဒီနေရာမှာ ဘာမှ မရှိဘူးဆိုတဲ့ စိတ်နဲ့ စိတ်ချမ်းသာသာ နဲ့ သွားရတယ် အခုတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တောတွေတောင်တွေကိုလည်း မသွားရဲဘူး အဲဒီလို မသွားရဲတော့ စားသောက်ရေးတွေကပိုပြီးတော့ ကြပ်တည်းမှုရှိတယ် သွားရဲတဲ့ နေရာတွေမှာလည်း တစ်ခါ နှစ်ခါလောက်သွားရှာတော့ ကုန်သွာပြီဆက်ပြီးရှာလို့ အဆင်မပြေတော့ဘူး”လို့ သူကပြောပါတယ်။
တိုက်ပွဲမဖြစ်ပွါးခင်ကာလမှာ ရခိုင်ကဒေသခံ အများစုဟာ လယ်ယာလုပ်ငန်း ၊ရေလုပ်ငန်း နဲ့ တောင်တောင်က ထွက်လာတဲ့ ဟင်းသီးဟင်းရွက်တွေကိုခူးကာရောင်းချပြီးတော့ ဘဝရဲ့ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနေကြရသူတွေဖြစ်ပြီးတော့ လက်ရှိတိုက်ပွဲဖြစ်ပွါးပြီးတော့ နောက်ပိုင်းမှာတော့ ဒေသခံတွေဟာ မိုင်း နဲ့ စစ်ကျန်လက်နက် အန္တရာယ်တွေကြောင့် တောတောင်ကထွက်တဲ့ အသီးအနှံတွေကို ခူးယူရောင်းချနိုင်ဖို့ အခက်အခဲတွေ ရှိလာနေတဲ့ အတွက် စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော် အနေ နဲ့ မိုင်းရှင်းလင်းရေး နဲ့ စစ်ကျန်လက်နက် အသိပညာပေးလုပ်ငန်းတွေကို သူတို့ထိန်းချုပ်နယ်မြေတွေမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်ပေးနေတာတွေ ရှိနေပေမယ့် ဒေသခံပြည်သူတွေဟာ ဒီမိုင်း နဲ့ စစ်ကျန်လက်နက် အန္တရာယ်တွေကြောင့် ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ စတာတွေ နဲ့ ဆက်တိုက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော် အနေ နဲ့ ဒီမိုင်းအန္တရာယ်ကင်းရှင်းရေး နဲ့ ပြည်သူတွေ အသက်ဘေးကင်းလုံခြုံစွာ နဲ့ ရှာဖွယ်စားသောက်နိုင်ရေးအတွက်ကို ဦးစားပေးအနေ နဲ့ တွေးကာ မိုင်းရှင်းလင်းရေးတွေကို ဒီထက်ပိုမိုလုပ်ဆောင်ပေးစေချင်တယ်လို့လည်း နောက်ထပ် တောင်ကုတ်ဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။
“တူတူပါပဲကျနော်တို့ဆီမှာလည်း မှိုဟင်းခူးဖို့တောင်ဘယ်သူမှမသွားရဲကြဘူး ခက်တာကလည်း အနှစ်နှစ်အလလက ဘယ်နေရာမှာထောင်လို့ထောင်ထားခဲ့မှန်းမသိတာကို ရှာဖွယ်ပြီးတော့ ရှင်းလင်းရတာက တော်တော် ခက်ခဲတယ်။တောင်းဆိုချင်တာကတော့ ဒီမိုင်းအန္တရာယ်ကင်းရှင်းရေးအတွက်ကို အခုထက်ပိုပြီး ဦးစားပေးလုပ်ဆောင်ပေးပါလို့ တောင်းဆိုချင်တယ်”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ အနီးက လယ်ကွင်းပြင်မှာ ကျွဲကျောင်းနေတဲ့ မွတ်ဆလင်ကလေးငယ် ၂ ဦးဟာ လယ်ကွင်းပြင်မှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ RPG ကို ခြေထောက် နဲ့ ကန်မိရာကနေ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီးတော့သေဆုံးတာရှိခဲ့ရပါတယ်။
အဲဒီလိုဘဲ မင်းပြားမြို့နယ် အတွင်းမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ရာမောင်မြစ်ထဲက ပိုက်ကွန်နဲ့ ငါးဖမ်းရာကနေ ရလာတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို ပေါက်ကွဲမှု ရှိမရှိ လောင်းကြေးထပ် ထုခွဲရာကနေ ဗုံးသီးပေါက်ကွဲပြီးတော့ ဒေသခံ ၂ ဦးသေဆုံးပြီးတော့ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။




