စစ်ကောင်စီက ရုရှားနည်းပညာ နဲ့ ၁၁၀ မက်ဂါဝပ်ထုတ်လုပ်မယ့် အနုမြူဓာတ်အားပေးစက်ရုံ တည်ဆာက်ဖို့လုပ်ဆောင်နေတဲ့ အပေါ်မှာ မြန်မာ – ထိုင်း နှစ်နိုင်ငံက ပြည်သူတွေဟာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ KNU က ဒီနေ့ မေလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
စစ်ကောင်စီ အနေ နဲ့ ဒီ အနုမြူဓာတ်အားပေးစက်ရုံ တည်ဆာက်ဖို့ကို ပဲခူးတိုင်းဒေသ အလယ်ပိုင်း နဲ့ ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း ၊ထားဝယ်ဒေသက ထားဝယ်အထူးစီးပွါးရေးဇုန်တွေမှာ တည်ဆောက်ဖို့ အတွက် လျားထားတယ်လို့ စစ်ကောင်စီက မတ် ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပြောကြားထားခဲ့ပါတယ်။
ဒီဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ကိစ္စ နဲ့ ပတ်သက်ပြီး KNU နဲ့ စစ်ကောင်စီတို့ အကြား စစ်ရေးတင်းမာမှုအခြေအနေတွေ ကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်နိုင်မှုအခြေအနေ နဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကိုလည်း လေးနက်စွာသုံးသပ်ခဲ့ပြီး ထိခိုက်နိုင်ချေတွေကို လျှော့ချနိုင်ဖို့ နည်းလမ်းတွေကို KNU အနေ နဲ့ အစွမ်းကုန် စီမံခဲ့ပြီးဖြစ်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။
KNU အနေ နဲ့ အတိတ် နဲ့ ပစ္စုပ္ပန်ကာလတွေ မှာ ထိုင်းပြည်သူတွေ နဲ့ သဟဇာတဖြစ်စွာ နေထိုင်ခဲ့ကြပြီးတော့ နောက်အနာဂတ်တွေမှာလည်း လေ့စားမှု နဲ့ ခင်မင်ရင်းနှီးမှုတွေ နဲ့ အတူ အိမ်နီးချင်းကောင်းဖြစ်အောင် နေထိုင်ရန် အသင့်ရှိကြောင်းကို ကတိကဝတ်ပြုထားတာရှိပြီးတော့ ထိုင်းနိုင်ငံနဲ့ ထာဝရငြိမ်းချမ်းပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး သဘောထားအပေါ်ကိုလည်း KNU အနေ နဲ့ရပ်တည်ကာ ထိုင်းပြည်သူတွေ ရဲ့ နားလည်မှုကိုလည်း မျှော်လင့်နေတယ်လို့လည်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က KNU ဟာ စစ်ကောင်စီက ဓာတ်အားပေးစက်ရုံတည်ဆောက် ဖို့ လျာထားတဲ့ ဧရိယာထဲက ထိုင်း – မြန်မာနယ်စပ်မှာရှိတဲ့ ထီးခီးဗျူဟာစစ် စခန်းကို အပြီးသတ်သိမ်းပိုက် ရယူခဲ့ပြီးဖြစ်ပါတယ်။
ဒီစစ်ကောင်စီ ရဲ့ တပ်စခန်းကို KNU အနေ နဲ့ သိမ်းပိုက်ရတာဟာလည်း မြန်မာ နဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဒေသခံပြည်သူတွေ ရဲ့ လုံခြုံရေးအာမခံချက် ရရှိဖို့ အတွက် KNU အနေ နဲ့ ဒီစခန်းကို မဖြစ်မနေ သိမ်းပိုက် ရတာ ဖြစ်တယ်လို့လည်း KNU ကပြောဆိုထားပါတယ်။