ရခိုင်ရေပိုင်နက်အတွင်းမှာ ကျူးကျော်ဝင်ရောက်ပြီးတော့ ငါးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားသုံးဦးကို အာရက္ခတပ်တော်က မနေ့က မေလ ၁၃ ရက်နေ့မှာပြန်လည်လွတ်ပေးခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်ပေးခဲ့တဲ့ သူတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊တက်နဖ်မြို့၊ ဟနီလာယူနီယံအတွင်းမှာရှိတဲ့ ဘိုလီဒါကျေးရွာ က အသက် ၂၂ နှစ်အရွယ် မိုဟာမက်စစ်ဒစ်၊အသက် ၂၃ နှစ်အရွယ် ရိုဘီအူလ်အလမ် နဲ့ အသက် ၂၅ နှစ် မိုဟာမက်ဟိုစိန် တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားငါးဖမ်းသမား ၃ ဦးကို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ ရခိုင်ရေပိုင်နက် အတွင်းကို ဝင်ရောက်ကျူးကျော်ငါးဖမ်းနေတဲ့ အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီးတော့ တစ်ရက်အကြာ ထိန်းသိမ်းမေးမြန်းပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) ပြန်လည်လွတ်ပေးဖို့အတွက် အာရက္ခတပ်တော်ဆီမှာ ပြန်လွတ်ပေးဖို့ အတွက် တောင်းဆိုလာတာကြောင့် အာရက္ခတပ်တော်က မေလ ၁၃ ရက်နေ့မှာ (BGB) လက်ထဲကို လွဲပြောင်းပေးအပ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် သူတို့နိုင်ငံသား ၃ ဦးကိုလည်း နောက်နောင် ငါးဖမ်းတဲ့ အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်အတွင်းမှာသာ ဖမ်းဆီးဖို့ နဲ့ သက်ဆိုင်ရာ နယ်နမိတ်ကို ကျော်လွန်ပြီးတော့ မဖမ်းဖို့ကိုလည်း တက်နဖ်-၂ ရဲ့ BGB တပ်မ တော်စုချုပ်အရာရှိ လက်ဗထင်နယ်ကာနယ် အာရှီခူရ်ရဟမန်ကို ငါးဖမ်းသမားတွေကို မှာကြားခဲ့ပြီးတော့ မိသားစုဆီပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်အတွင်းကို မကြာခဏဆိုသလို ဝင်ရောက်ကျူးကျော် ငါးဖမ်းတာတွေကို လုပ်ဆောင်နေတာရှိပြီးတော့ အာရက္ခတပ်တော်ကလည်း အဲဒီလို ရေပိုင်နက်ကျူးကျော်ဝင်ရောက်ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေကို မကြာခဏဆိုသလို ဖမ်းဆီကာ နောက်နောင် ရေပိုင်နက်ကျူးကျော်ဝင်ရောက်ငါးဖမ်းတာကို မလုပ်ဖို့အတွက် ခံဝန်ကတိထိုးခိုင်းကာ ပြန်လွတ်ပေးနေတာလည်း ဆက်တိုက်ရှိနေပါတယ်။