ငါးဖမ်းထွက်ရာကနေပြီးတော့ စက်လှေနစ်မြုပ်မှု ဖြစ်ပြီးတော့ ပျောက်ဆုံးနေတဲ့ ဂွဒေသခံ ၂ ဦးကို လက်ရှိအချိန်အထိ ရှာလို့ မရသေးဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေ ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဂွမြို့နယ်၊ကျိန္တလီမြို့ အမှတ် ( ၂ ) ရပ်ကွက်အတွင်းမှာနေထိုင်နေကြတဲ့ ငါးဖမ်းစက်လှေပိုင်ရှင် ဦးသန်းလွှင် နဲ့ ရေလုပ်သားနှစ်ဦး ဖြစ်တဲ့ ဦးဝင်းရွှေ ၊အသေးလေးတို့ဟာ ပင်လယ်ပြင်က ငါးဖမ်းပြီး ပြန်အလာ ကျိန္တလီချောင်းဝမှာ မိုးသက်လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် သူတို့ စက်လှေဟာ နစ်မြုပ်မှု ဖြစ်ပွါးခဲ့ရပါတယ်။
အဲဒီထဲက စက်လှေပိုင်ရှင် ဦးသန်းလွှင် မှာ စက်လှေနစ်မြုပ်ချိန်မှာ အသက်ရှင်လျှက်ကမ်းကို ရောက်နိုင်ခဲ့ပြီးတော့ ရေလုပ်သား ၂ ဦးဖြစ်တဲ့ ဦးဝင်းရွှေ ၊အသေးလေးတို့ဟာ စက်လှေ နဲ့ အတူ နစ်မြုပ်ကာ ပျောက် ဆုံးသွားခဲ့ရပြီးတော့ သူတို့ နှစ် ဦးကို လက်ရှိအချိန်ထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေတာလည်း ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“မတွေ့သေးပါဘူး ရှာဖွယ်တာတွေကိုလုပ်နေပါတယ်။ အာရက္ခတပ်တော် နဲ့ ကျနော်တို့ လူမှုကူညီရေး အဖွဲ့တွေက ဆက်လက်ရှာဖွယ်ရေးတွေကို လုပ်ဆောင်နေပါတယ်။ဒီနေ့ အချိန်ထိ ရှာလို့ မတွေ သေးပါဘူး”လို့ သူကပြောပါတယ်။
ရခိုင်ဒေသမှာ ရေလုပ်ငန်းကို အမှီပြုပြီးတော့ လုပ်ကိုင်စားသောက်နေကြရတဲ့ ဒေသခံ တွေဟာ အခုလို မိုးရာသီအချိန်မှာ လေပြင်းတိုက်ခိုက်တဲ့ ဒဏ်တွေကို မကြာခဏဆိုသလို ကြုံတွေ့ခံစားရလေ့ရှိပြီးတော့ အခုလို စက်လှေနစ်မြုပ် သေဆုံးရတဲ့ ကိစ္စရပ်တွေကိုလည်း မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။
မိုး/ဇလ ထုတ်ပြန်ချက်အရတော့ ဒီရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်းတိုင်ငယ် အရှိန်ကြောင့် ရခိုင်ဒေသ ကနေရာအနှံ့မှာ လေပြင်းတိုက်ခတ်တာ၊မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
သတင်း – လင်းလင်း