ပေါက်တောက ဒေသခံရေလုပ်သား ၇ ဦးကို စစ်ကော်မရှင်ဆီက ဖမ်းဆီးလိုက်ပြီးတဲ့ နောက်မှာ ဒေသခံ တွေ အနေ နဲ့ ကမ်းဝေးငါးဖမ်းထွက်တာကို မလုပ်ကြဖို့ကို အာရက္ခတပ်တော်က သတိပေးပြောဆိုထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါက်တောဒေသခံ တစ်ဦးပြောတာက “လုံဝကြီးမထွက် နဲ့ ပြောတာတော့ မဟုတ်ပါဘူး ဒါပေမယ့် နေဗီတွေကရှိနေတော့ အဝေးကို ထွက်ပြီးတော့ ငါးဖမ်းတာတွေကို မလုပ်ဖို့ကိုသတိပေးပြောထားတာဖြစ်တယ် ဒီလိုပြောတာကိုတော့ ဒီလ ၁၈ ရက်နေ့မှာ အုပ်ချုပ်ရေးမှူးတွေဆီကနေ ပြောလာတာ “လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပေါက်တောမြို့နယ် ချောင်းဝကျေးရွာ နဲ့ ကုန်းတန်းကျေးရွာက စစ်တွေပင်လယ်ပြင် အနီးမှာ ငါးဖမ်းနေတဲ့ ငါးဖမ်းစက်လှေ ၃ စီး နဲ့ အတူ ပေါက်တော ဒေသခံ ရေလုပ်သား ၇ ဦးကို စစ်ကော်မရှင် ရဲ့ ရေတပ်သင်္ဘောက အကြောင့်မဲ့သက်သက် ခေါ်ယူဖမ်းဆီးသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူတို့ ၇ ဦးကို စစ်ကော်မရှင်ရေတပ်သင်္ဘောကနေ တဆင့် စစ်တွေမြို့ အမှတ် ( ၁ ) မြို့မရဲစခန်းကို ပို့ဆောင်လိုက်ပြီးတော့ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူတွေကို စစ်ကော်မရှင်က ပြန်လည်လွတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။
ပေါက်တောမြို့ နောက်ထပ်ဒေသခံ တစ်ဦးပြောပြတာက ” ကျနော်တို့ ကြားမိသလောက် သူတို့က ပြန်လွတ်မလာသေးဘူး။မိသားစုတွေကလည်း စစ်တွေကို လိုက်သွားလို့ မရဘူး။ပြောသံ ကြားတာတော့ စစ်တွေ အမှတ် ၁ မြို့မ ရဲစခန်းကို ပို့လိုက်တယ်လို့ ကြားတယ်။ကျန်တာတွေကတော့ မိသားစုကိုလည်း ဘာမှ အကြောင်းကြားလာတာ မရှိဘူးလို့ပြောတယ်။စစ်တွေက အသိတွေက ပြောလာတဲ့ အခါမှ မိသားစုကလည်း သိရတာဖြစ်တယ်”လို့ သူကပြောပြပါတယ်။
ရခိုင်ဒေသခံတွေဟာ အလုပ်အကိုင်ရှားပါးတာ ၊ကုန်ဈေးနူန်းအဆမတန်မြင့်တက်တာတွေကို ရင်ဆိုင်နေကြရတဲ့ အတွက် စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်လာရတာကြောင့် လုံခြုံမှု မရှိတဲ့ ပင်လယ်ပြင်ကို ထွက်ကာ စားဝတ်နေရေး အတွက်ကို ရုန်းကန်နေကြရတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ရေတပ်သင်္ဘောတွေဟာ စစ်တွေ၊ ပေါက်တော နဲ့ ပုဏ္ဏားကျွန်း အနီးဝန်းကျင်က ပင်လယ်ပြင်တွေမှာ မကြာခဏဆိုသလို သွားလာ လှုပ်ရှားနေတာရှိပြီးတော့ အဲဒီ သင်္ဘောတွေ ဟာ ဒေသခံရခိုင်ရေလုပ်သားတွေကို တွေ့ရင် လက်နက်ကြီးတွေ နဲ့ လှမ်းပစ်တာ ဖမ်းဆီးတာတွေကို လုပ်ဆောင်နေတာတွေ ရှိနေသလို့ တဖက်မှာလည်း ငွေညှစ်တောင်းခံတာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
သတင်း – မြတ်သူ