အာရက္ခတပ်တော်ဟာ ရခိုင်က သူတို့သိမ်းပိုက်ထားတဲ့ မြို့နယ်တွေက ပင်လယ်ပြင်ကို အမှီပြုပြီးတော့ လုပ်ကိုင်စားသောက်နေကြတဲ့ သံတွဲ နဲ့ ဂွ အပါအဝင် ရေလုပ်သားတွေ ကို စားဝတ်နေရေး အဆင်ပြေနိုင်ဖို့ အတွက် ပင်လယ်ပြင်ငါးဖမ်းထွက်ဖို့အတွက် အချိန်အကန့်အသတ်မရှိ ခွင့်ပြုပေးခဲ့ပါတယ်။
အဲဒီလိုအချိန်အကန့်အသတ်မရှိ ငါးဖမ်းထွက်ခွင့်ပြုထားတာကို မနေ့က အောက်တိုဘာ ၁၉ ရက်နေ့ကနေပြီးတော့ သံတွဲ နဲ့ ဂွ ပင်လယ်ပြင်အနီးအနီးမှာ ငါးဖမ်းခွင့်ပြုထားတဲ့ရေလုပ်သားတွေ အနေ နဲ့ ည ၆ နာရီကနေ မနက် ၆ နာရီထိကို ငါးဖမ်းထွက်တာမလုပ်ဖို့ကို ပြန်လည်တားမြစ်ချက်ထုတ်ပြန်လာခဲ့ပါတယ်။
အခုလို ငါးဖမ်းထွက်ခွင့်ကို အာရက္ခတပ်တော်က အချိန်ကန့်သတ်လိုက်တာ ဘာကြောင့်ပါလဲ။
အာရက္ခတပ်တော် ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကော်မရှင်ရေတပ်သင်္ဘောတွေဟာ သူတို့လက်လွတ်ထားရပြီးတဲ့ ဖြစ်တဲ့ သံတွဲ နဲ့ ဂွ ကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ အတွက် စစ်အင်အားဖြည့်တင်းတဲ့ နေရာတွေမှာ အာရက္ခတပ်တော်က ဒေသခံတွေစားဝတ်နေရေးအဆင်ပြေနိုင်စေဖို့အတွက် ငါးဖမ်းထွက်ခွင့်ပြုထားတဲ့ ဒေသခံငါးဖမ်းစက်လှေတွေကို အကာ အကွယ်ယူပြီးတော့ စစ်အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေသလို တဖက်မှာလည်း ဒီငါးဖမ်းစက်လှေတွေကြောင့် စစ်ကော်မရှင်ရေတပ်သင်္ဘောတွေဟာ လွတ်လပ်စွာ သွားလာနိုင်တဲ့ အခြေအနေမှာ ရှိတဲ့ အတွက် အခုလို ညအချိန် ငါးဖမ်းထွက်ခွင့်ကို ပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
အခုလို အာရက္ခတပ်တော်က ညအချိန်ငါးဖမ်းထွက်ခွင့်ကို ပိတ်ပင်လိုက်တဲ့ အပေါ်မှာ သံတွဲ နဲ့ ဂွ က ပြင်လယ်ပြင်ကို အမှီပြုပြီးတော့ စားဝတ်နေရေး အတွက်ရုန်းကန်နေကြတဲ့ သူတွေအတွက် ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်ပါသလဲ။အာရက္ခတပ်တော်ထုတ်ပြန်ထားသလို စစ်ကော်မရှင်ရေတပ်သင်္ဘောတွေဟာ ဒေသခံငါးဖမ်းစက်လှေတွေကို အကာအကွယ်ယူပြီးတော့ စစ်ရေးအတွက်သွားလာလှုပ်ရှားတာတွေ ရှိနေတယ်ဆိုတဲ့အပေါ် သံတွဲမြို့က ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ သူ တစ်ဦးပြောတာက
“ရှိပါတယ် အဲဒီလို ငါးဖမ်းစက်လှေတွေကို အကာအကွယ်ယူပြီးသွားတာ ဘယ်နေရာက ဘယ်နေရာထိကို လိုက်ပို့ရမယ်ဆိုပြီးတော့ သူတို့ ဘေးနားကနေကပ်ပြီးလိုက်ရတာတွေ တချို့ကိုဆိုရင် ဖမ်းထားပြီးတော့ ပြန်မလွှတ်ဘဲထားတဲ့ စက်လှေသမားတွေရှိပါတယ် ဂျိတ္တောဘက်ကဆိုရင် စက်လှေ ၃ စီးကို ဖမ်းသွားပြီးပြန်မလွှတ်တာ အခုအချိန်ထိပါ နယ်ဗီတွေကတော့ အမြဲရှိပါတယ်။အခုလိုတားမြစ်လိုက်လို့ ထိခိုက်မှု ရှိမလားဆိုတော့ မရှိဘူးလို့ဘဲပြောရမှာပါ အရင်တုန်းကလည်း ညဘက်ထွက်တဲ့ စက်လှေတွေကတော့ မရှိပါဘူး ကမ်းဝေးလည်း သိပ်မသွားဘူး နယ်ဗီတွေကို တွေ့ရင်ဖမ်းလို့ ဒါပေမယ့် တခါတလေ စက်လှေဝင်တာတွေ နောက်ကျတာတော့ ရှိတယ် ဒီရေ နဲ့ လိုက်ပြီးဝင်ရတဲ့ နေရာတွေဆိုတော့ အဲဒီဟာ တစ်ခုတော့ ခက်ခဲမှု ရှိလောက်တယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ သံတွဲ နဲ့ ဂွကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးတဲ့နောက်မှာ အဲဒီမှာရှိနေတဲ့ ရေတပ်သင်္ဘောတွေဟာ အဲဒီပင်လယ်ပြင်အနီးမှာ တပ်စွဲနေထိုင်နေပြီးတော့ ဒေသခံ ရေလုပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊မတရားငွေတောင်းတာ၊လက်နက်ကြီးတွေ နဲ့ လှမ်းပစ်တာတွေအပြင် တည်ငြိမ်းအေးချမ်းနေတဲ့ မြို့ရွာတွေကို လက်နက်ကြီးတွေ နဲ့ လှမ်းပစ်တာ စတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်တွေက အရပ်သားပြည်သူတွေ အပေါ်မှာ မတရားမှုတွေ လုပ်ဆောင်တာ ဆက်တိုက်ရှိနေတဲ့ အတွက် နေ့အချိန်မှာ ငါးဖမ်းထွက်တဲ့ ဒေသခံတွေအနေ နဲ့ စစ်ကော်မရှင်တပ်တွေရဲ့ ရေတပ်သင်္ဘောတွေကို တွေ့ရင် ကမ်းစပ်၊ကမ်းနီးတွေကို အမြန်ဆုံးကပ်လာကြဖို့ကို အာရက္ခတပ်တော်က သတိပေးတိုက်တွန်းထားပါတယ်။




