CNA ၊ ဂူးဂူး။
သံတွဲမြို့နဲ့ ကျိန္တလီမြို့ တလျှောက်မှာစစ်ဘေးရှောင် အနေနဲ့ နေထိုင်နေကြတဲ့ ပြည်သူတွေထဲက ကလေးငယ် ၄၀၀ ကျော်လောက်ဟာ အရေးပြားရောဂါ ဖြစ်ပွားမှုဒဏ်ကို ခံစားနေကြရတယ်လို့ သိရပါတယ်။
ဒီလိုအရေပြားရောဂါဖြစ်ပွါးရတဲ့ အကြောင်းအရင်းကတော့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရေး အဆင်မပြေတာ၊ အာဟာရဓာတ်မပြည့်ဝတာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ နဲ့ အဝတ်အစားမသန့်ရှင်းတာတွေကြောင့် ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက CNA ကို အခုလိုပြောပါတယ်။
“ကျနော်တို့တွေ့တာတောင် ၄၀၀ ကျော်လောက်ရှိတယ်။အဓိကအကြောင်းအရင်းကတော့ ရေချိုးရင် ဆပ်ပြာမသုံးနိုင်တာ၊ တကိုယ်ရည်သန့်ရှင်းမှုနည်းတာပေါ့။ ပြီးရင် ငါးမပါပဲ စားရတဲ့ နေ့တွေများတော့ ကလေးတွေမှာက အသားဓာတ်အားနည်းပြီး အဟာရ မပြည့်ဝ ဖြစ်လာပြီး အခုလို အရေပြားရောဂါတွေ ဖြစ်လာတာဖြစ်တယ်။ပြီးတော့ စစ်ရှောင်စခန်းတွေမှာကလည်း နေရာထိုင်ခင်းတွေကလည်း မသန့်ရှင်းတော့ အခုလိုတွေဖြစ်လာကြတာဖြစ်တယ်လို့”သူကပြောပါတယ်။
အဲဒီအရေအတွက်ဟာ ကျေးရွာ ၂၀၀ ဝန်းကျင်လောက်မှာရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ လူဦးရေစာရင်းသာဖြစ်ပြီး နောက်ထပ်ကျေးရွာတွေမှာလည်း အခုလို အရေပြားရောဂါဖြစ်ပွားနေသူတွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေကဆိုပါတယ်။
အခုလို အရေပြားရောဂါဖြစ်ပွားလာတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းကတည်းကပင် စတင်ဖြစ်ပွားနေတာဖြစ်ပြီး ဒီလိုအရေပြားရောဂါ ခံစားနေရတဲ့ကလေးငယ်အများစုဟာ အသက် ၅ နှစ် နဲ့ ၅ နှစ်အောက် ကလေးငယ်တွေပိုခံစားနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီအရေပြားရောဂါ ခံစားနေကြရတဲ့ သူတွေဟာ ဒေသအတွင်းမှာ ဆေးဝါးမရှိတာကြောင့်ဆေးကုသခွင့်မရဘဲ ဖြစ်နေကြရတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေကပြောပါတယ်။
“ကျနော်တို့မှာလည်း ရတဲ့ ငွေနဲ့တော့ အတတ်နိုင်ဆုံးလုပ်ပေးနေတယ်။စားဝတ်နေရေးအတွက်တောင် ကျနော်တို့က တော်တော်လည်းကြိုးစားပြီး လုပ်နေကြရတာ။ပြီးတော့ ကျနော်တို့က အာဏာပိုင်အဖွဲ့အစည်းလည်း မဟုတ်တော့ ဒီထက်ဘာမှပိုလုပ်လို့မရတဲ့ အနေအထားမှာ ရှိနေတယ်လို့ “စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးကပြောပါတယ်။
အဲဒါကြောင့် ဒီရောဂါဖြစ်ပွားမှုအခြေအနေကို ကုသပေးနိုင်ဖို့ ငွေကြေး နဲ့ ဆေးဝါးတွေလိုအပ်နေသလို ကျန်းမာရေးအတွက် သူနာပြုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
သံတွဲမြို့ နဲ့ ကျိန္တလီမြို့ကို စစ်ကောင်စီလက်ထဲကနေ အာရက္ခတပ်တော် က အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပေမယ့် စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကြောက်ရတဲ့ အတွက် မိမိတို့ရဲ့ နေအိမ်တွေကို ပြန်ခွင့်မရသေးတာလည်းဖြစ်ပါတယ်။