Home သတင်း ကျန်းမာရေး အရေပြားရောဂါ ခံစားနေရတဲ့ ဂွ နဲ့ ကျိန္တလီက စစ်ဘေးရှောင်တွေဆေးဝါးအရေးပေါ်ထောက်ပံ့ဖို့လိုနေ

အရေပြားရောဂါ ခံစားနေရတဲ့ ဂွ နဲ့ ကျိန္တလီက စစ်ဘေးရှောင်တွေဆေးဝါးအရေးပေါ်ထောက်ပံ့ဖို့လိုနေ

62
0
ပုံ။စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ဂွမြို့နယ်

CNA ၊ မြတ်သူ။

အရေပြားရောဂါ ခံစားနေကြရတဲ့ ဂွ နဲ့ ကျိန္တလီမြို့တွေက စစ်ဘေးရှောင်ပြည်သူတွေ အတွက် အရေးပေါ်ဆေးဝါး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဂွ နဲ့ ကျိန္တလီမှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူ အများစုမှာ လက်ရှိအရေပြားရောဂါ ဖြစ်ပွါးမှုဒဏ်ကို အပြင်းအထန်ခံစားနေရပြီး ဆေးဝါးကုမရှိတဲ့ အတွက် ဆေးကုသမှုမလုပ်ဆောင်တဲ့ အခြေအနေ နဲ့ ရင်ဆိုင်နေကြတာဖြစ်တယ်လို့ စစ်ဘေးရှောင် အရေးကူညီပေးနေသူ တစ်ဦးက CNA ကိုပြောပါတယ်။

“ကျနော်တို့ လက်ရှိ ဖြစ်ပွါးမှုအရေအတွက်ကို စာရင်းပြုစုနေတယ် ။ ကျနော်တို့ လက်ရှိစာရင်းအရတော့ အရေပြားရောဂါ ဖြစ်နေသူကတော့ ဦးရေ ၂၀၀ ကျော်လောက်တော့ စာရင်းရထားပြီးဖြစ်တယ်။စစ်ရှောင်စခန်းတိုင်းလိုလိုမှာတော့ ဖြစ်နေကြတယ်လို့သိထားရတယ်။ အဓိကတော့ ဆေးမရှိတာက အဓိကဖြစ်နေတာပေါ့လေ ဆေးဝါးအကူအညီလိုတာပေါ့လို့”သူကပြောပါတယ်။

အရေပြားရောဂါ ခံစားနေရသူတွေထဲမှာ ကလေးငယ်အပါအဝင် လူကြီးပိုင်းတွေ အထိဖြစ်ပွါးနေကြတာဖြစ်ပြီး အချိန်မှီရောဂါ ဒီထက် ကူးစက်ပြန့်ပွါးမှု မရှိအောင် ဆေးကုသပေးရေးတွေ လုပ်ဖို့ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“အခု ဂွ နဲ့ ကျိန္တလီမှာဖြစ်တာက သံတွဲက စစ်ရှောင်စခန်းတွေမှာလို လူဦးရေ ထူထပ်လို့ဖြစ်တာမဟုတ်ဘူး။တောထဲမှာနေရတာ ပြီးတော့ အိပ်ယာခင်းတွေ ၊ စောင်တွေကို လျှော်ဖွတ်ပြီးမသုံးနိုင်တာ ပြီးတော့ တောတောင်တွေထဲမှာ ဟင်းရှာထွက်ပြီး ရေချိုးတဲ့ အခါ ဆပ်ပြာမသုံးနိုင်တာ အဲတာတွေကြောင့် ဖြစ်တာ။အဓိကတော့ တကိုယ်ရည်သန့်ရှင်းမှုအတွက် အားနည်းတာကြောင့်ဖြစ်တာလို့”သူကဆိုပါတယ်။

စစ်ကောင်စီဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးချိန်ကတည်းကပင် ရခိုင်က မြို့နယ်တွေကို စားနပ်ရိက္ခာ နဲ့ ဆေးဝါးသယ်ယူကန့်သတ်မှုတွေကို လုပ်ဆောင်ထားခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ စားနပ်ရိက္ခာခက်ခဲတာတွေ အပြင် ဆေးဝါးပြန်လပ်မှုဒဏ်ကိုလည်း အပြင်းအထန်ခံစားနေကြရပါတယ်။

အဲဒီလို ဆေးဝါးပြန်လပ်မှုဒဏ်ကို ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာလည်း အရေပြားရောဂါ အပါအဝင် ရာသီအကူးအပြောင်းမှာ ဖြစ်ပွားလေ့ ရှိတဲ့ ရာသီတုတ်ကွဲရောဂါကိုလည်း အပြင်းအထန်ခံစားနေကြရတဲ့ အတွက် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေတွေအတွက် အရေးပေါ် ဆေးဝါးထောက်ပံ့ရေးတွေ ပေးဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် ဟာ ဂွမြို့နယ်အတွင်းမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့် စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန် နဲ့ မြေမြုပ်မိုင်း အန္တရာယ်တွေ ရှိနေသေးတာကြောင့်နေရပ်ပြန်ခွင့်မဘဲ စစ်ရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here