Home သတင်း ကျန်းမာရေး ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသူ/အကျဉ်းသား ၆၀ကျော်သေဆုံးခဲ့ရ

ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသူ/အကျဉ်းသား ၆၀ကျော်သေဆုံးခဲ့ရ

23
0

ပြီးခဲ့တဲ့မတ်လ(၂၈)ရက်နေ့က လှုပ်‌ခတ်ခဲ့တဲ့ငလျင် ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်တစ်ခုတည်းမှာပဲ အကျဉ်းသူ/အကျဉ်းသား ၆၄ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက်(PPNM) က ဒီနေ့မှာသတင်းထုတ်ပြန်လာပါတယ်။

ဒီသေဆုံးခဲ့ရတဲ့ အကျဉ်းသူ / အကျဉ်းသား ၆၄ ဦးထဲမှာတော့ နိုင်ငံရေးအ ကျဉ်းသား(၁၈)ဦး နဲ့ နိုင်ငံရေးအကျဉ်းသူ(၂၃)ဦး စုစုပေါင်း အကျဉ်းသား/အ ကျဉ်းသူ(၄၁)ဦး ဟာလည်း သေဆုံးခဲ့ရတာ ဖြစ်ပြီးတော့ အဲဒီထဲက အကျဉ်းသူ ၂ ဦးမှာ ကိုယ်ဝန်ဆောင်မိခင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦးထဲက မနွယ်နီဝင်းဟာ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒဏ်ကြောင့် ဝမ်းတွင်းမှာရှိတဲ့ ကလေးငယ်ဟာ နှလုံးမခုန်တော့တောကြောင့် ထောင်ပြင်ဆေးရုံကိုထွက်ပြီးဆေးကုသခွင့် ရဖို့ အတွက် တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဧပြီလ(၁၄)ရက်နေ့မှသာ ထောင်ပြင်ဆေးရုံကို ပို့ဆောင်ခဲ့တာကြောင့် ဆရာဝန်တွေ အနေ နဲ့လည်း ဝမ်းတွင်းမှာ သေဆုံးသွားခဲ့ရတဲ့ သန္ဓေသားငယ်ကိုထုတ်ယူပေးနိုင်ခဲ့ပေမယ့် မိခင်ရဲ့ ဝမ်းဗိုက်သားအိမ်အတွင်းမှာ ပိုးဝင်နေပြီဖြစ်တဲ့ အတွက် မိခင်ပါ အသက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မနွယ်နီဝင်းသေဆုံးသွားခဲ့ရတဲ့ မိဖြစ်စဉ်ကို မိသားစုဝင်တွေ အနေ နဲ့ ဒီနေ့ အချိန်ထိ မသိရှိရသေးတဲ့ အတွက် မိသားစုတွေ အနေ နဲ့လည်း ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ ရက်လည်ဆွမ်းကျွေးတာကိုပင် ဒီနေ့ အချိန်ထိ ပြလုပ်ခွင့် မရသေးတဲ့ အပေါ်မှာလည်း PPNM အနေ နဲ့ အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် နွယ်နီဝင်းအပါအဝင် ထောင်တွင်းမှာ နောက်ထပ် လူမသိ/သူမသိ သေဆုံးခဲ့ရတဲ့ အကျဉ်းသား/အကျဉ်းသူတွေ မရှိလာအောင် အကျဉ်းထောင်တွေကို စောင့်ကြည့်ကူညီမှုတွေ လုပ်ဆောင်ပေးဖို့လည်း အထူလိုအပ်နေတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ICRC(International Committee of the Red cross)၊HRW(Human Rights Watch)၊AI (Amnesty international)အဖွဲ့တွေ အနေ နဲ့လည်း စစ်ကောင်စီ နဲ့ အကျဉ်းဦးစီးဌာနတွေကို အကျဉ်းသားတွေ အတွက် ကျန်းမားရေးစောင့်ရှောက်မှု အပြည့်အဝပေးရေး နဲ့ ပက်သက်ပြီး ထိရောက်တဲ့ ဖိအားပေး တောင်းဆိုမှုတွေကို အကျဉ်းထောင်တွေ အတွင်းမှာသေဆုံးခဲ့ရတဲ့ အကျဉ်းသား/အကျဉ်းသူများကိုယ်စား PPNM အနေ နဲ့ အလေးနက် တိုက်တွန်းတောင်းဆိုတယ်လို့လည်းဆိုထားပါတယ်။

ငလျင်လှုတ်ခတ်ခဲ့တဲ့ မတ်လ(၂၈)ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်အချိန်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ရှိတဲ့အကျဉ်း သားတွေကို တန်းပိတ်ချိန်(အခန်းတံခါးပိတ်ချိန်)ဖြစ်နေ ခဲ့တဲ့အတွက်အကျဉ်း ထောင်အတွင်းက အမျိုးသားအိပ်ဆောင်(၃)(၄)(၆)၊အမျိုးသား အလုပ်ရုံ နဲ့ အမျိုးသမီးအိပ်ဆောင်(၁)/အမျိုးသမီးဆေးရုံ‌ဆောင်တွေဟာလည်း ပြိုကျပျက်စီးခဲ့ရပြီးတော့ အခုလို သေဆုံးမှုပိုမို များပြားခဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံတဝန်းလုံးအနေ နဲ့ ဒီငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ(၁၄၀)ကျော်အထိရှိခဲ့ပြီးတော အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၄ ဦးကတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးရခဲ့ရတာတွေ ရှိခဲ့ရတယ်လို့လည်း PPNM ကဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံတဝန်းလုံး အနေ နဲ့ ငလျင်‌လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၇၀၀ ကျော်ရှိခဲ့တယ်လို့ သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကနေတဆင့် သိရပြီးတော့ ဒီသေဆုံးခဲ့ရတဲ့ အရေအတွက်တွေထဲမှာ အကျဉ်းထောင်တွင်းမှာ သေဆုံးခဲ့ရသူတွေ မပါသေးတဲ့ အတွက် ထပ်ပေါင်းထည့်ဖို့လည်း လိုအပ်နေသေးတယ်လို့ ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here