တီဘီရောဂါဝေဒနာကို ခံစားနေရတဲ့ သံတွဲမြို့ အတွင်းက စစ်ဘေးရှောင်ကလေးငယ်တစ်ဦးဟာ အရေးပေါ်ဆေးဝါးကုသနိုင်ရေးအတွက် ငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့ မိသားစုတွေဆီက သိရပါတယ်။
အဲဒီ တီဘီရောဂါဝေဒနာကို ခံစားနေရတဲ့ ကလေးငယ်ကတော့ သံတွဲမြို့အတွင်းက ကိုဇော်မိုးနိုင် ဇနီး မအေးမိ ရဲ့ သားအလတ် အသက် ၇ နှစ်အရွယ် မောင်နေလင်းထွန်း ဖြစ်ပါတယ်။
လက်ရှိ တီဘီရောဂါဝေဒနာကို ခံစားနေရတဲ့ ကလေးငယ်အပါအဝင် ဦးဇော်မိုးနိုင် မိသားရဲ့ မိသားစုတွေဟာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းတွေမှာ အလုပ်အကိုင်မဲ့စွာနေထိုင်နေကြရသူတွေဖြစ်ပြီးတော့ ကလေးငယ်ကို ဆေးဝါးကုသပေးနိုင်ဖို့အတွက် မတတ်နိုင်တဲ့ အခြေအနေတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ ကလေးရဲ့ဖခင်ဖြစ်သူ ဦးဇော်မိုးနိုင်က အခုလိုပြောပါတယ်။
“ကလေးကတော့ တီဘီဆေးတွေလည်းသောက်နေရတယ် ပြီးတော့ အဲဒီတီဘီရောဂါကြောင့် လည်ပင်းတွေမှာ အကျိတ်တွေလည်းပေါ်နေတယ် ကျနော့်အနေနဲ့ကလည်း စစ်ဘေးရှောင်စခန်းမှာနေနေရတော့ အလုပ်လည်း မရှိတော့ ကလေးကို ဆေးကုသပေးဖို့ ငွေကြေးကလည်းအခက်အခဲဖြစ်နေတယ်။ပြီးတော့ ကလေးရဲ့လည်ပင်းက အကျိတ်တွေကိုလည်း ခွဲစိတ်ကုသပေးချင်တယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ ကလေးငယ်ကို သံတွဲမြို့ စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့ လေးဝတီအဖွဲ့က သွားရောက်ခေါ်ယူကာ ကလေးငယ်ကို ဆေးဝါးကုသပေးနိုင်ဖို့ အတွက် လုပ်ဆောင်ပေးနေတာတွေကို လုပ်ဆောင်နေတယ်လို့ လေးဝတီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကလေးငယ်ကိုတော့ ဒီနေ့ဆေးရုံတင်ပေးထားပါတယ်။ကလေးက တီဘီဆေးပြင်းတွေကို သောက်ရတော့ ခုခံအားမရှိတော့ သွေးပေါင်ကျတဲ့ အထိဖြစ်နေတယ် အစာအဟာရမလုံလောက်တာလည်း ပါတယ်ပေါ့လေ။အခုတော့ အဲဒီကလေးကို သွေသွင်းဖို့လိုအပ်တယ်ဆိုလို့ ကျနော်တို့ သွေးသွင်းဖို့ပြင်ဆင်ထားတယ် “လို့ သူကပြောပါတယ်။
သံတွဲမြို့ စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့ လေးဝတီအဖွဲ့ အနေ နဲ့လည်း တစ်ဖက်မှာ စစ်ဘေးရှောင်ပြည်သူတွေ လုပ်အပ်နေတဲ့ စားဝတ်နေရေးကိစ္စတွေကို ဖြေရှင်းပေးနေရတာတွေ ရှိနေတဲ့ အတွက် ဒီကလေးငယ်ဆေးဝါးကုသနိုင်ရေးကိစ္စ နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် အတတ်နိုင်ဆုံး အနေ နဲ့ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ အလှူရှင်တွေ အနေ နဲ့ ဒီကလေးငယ်ရဲ့ ကျန်းမာရေး ကောင်းမွန်လာအောင် ဆေးဝါးကုသစရိတ်တွေကို တတ်နိုင်သလောက် ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။