Home သတင်း စစ်ဘေးရှောင် သံတွဲ နဲ့ ငပလီမြို့က နေအိမ်တွေ ဖောက်ထွင်းခိုးယူနေတာတွေကို အေအေ အနေနဲ့ အရေးယူပေးဖို့ တောင်းဆို

သံတွဲ နဲ့ ငပလီမြို့က နေအိမ်တွေ ဖောက်ထွင်းခိုးယူနေတာတွေကို အေအေ အနေနဲ့ အရေးယူပေးဖို့ တောင်းဆို

155
0
ပုံ၊အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ သံတွဲမြို့မြင်ကွင်း။CJ

သံတွဲ နဲ့ ငပလီမြို့နယ် အတွင်းက စစ်ဘေးရှောင် နေအိမ်ဖောက်ထွင်းခိုးယူခံနေရတာတွေကို အာရက္ခတပ်တော် အေအေ အနေ နဲ့ အရေးယူဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့ ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။

အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ သံတွဲမြို့ နဲ့ ငပလီကမ်းခြေတစ်လျှောက်က နေအိမ်တွေဟာ နေ့စဉ်ဖောက်ထွင်းခိုးယူခံနေရတာတွေ ရှိပြီး အခုလို ပြည်သူပိုင်နေအိမ်တွေကိုဖောက်ထွင်းခိုးယူနေတာကို အာရက္ခတပ်တော် အေအေ အနေ နဲ့ သေချာစီစစ်မှုတွေ လုပ်ဆောင်ပြီး အ ရေးယူဆောင်ရွက်ပေးစေချင်တယ်လို့ ငပလီမြို့ခံတစ်ဦးက တောင်းဆိုပါတယ်။

“သံတွဲ နဲ့ ငပလီက နေအိမ်တွေကို ဆက်တိုက်ဖောက်ထွင်းခံနေရတယ်။ဒါပေမယ့် အရေးယူဆောင်ရွက်တာမတွေ့ရဘူး။ဒီကိစ္စက မဖြစ်သင့်တဲ့ ကိစ္စလို့မြင်တယ်။စကစ လက်ထဲမှာ ရှိတုန်းက ဖောက်ထွင်းခံရတာကို ကျနော်တို့မပြောဘူး ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာက စကစက လုပ်နေတဲ့ အလုပ်ဖြစ်နေလို့။အခုကတော့ကိုယ့်လူတွေ လက်ထဲမှာ ရှိနေပြီးတော့ ဒီလိုတွေ ဆက်တိုက်ဖြစ်နေတာက အဆင်မပြေတာကြောင့် ပြောရတာ။ဒီကိစ္စကို သေသေချာချာ အရေးယူသင့်တယ်လို့မြင်တယ်လို့”ဆိုပါတယ်။

အာရက္ခတပ်တော်အေအေဟာ သံတွဲ နဲ့ ငပလီကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ အပြီးသတ်ထိန်းချုပ်ပြီးနောက်မှာလည်း အခုလို စစ်ဘေးရှောင်တွေ ရဲ့ နေအိမ်တွေကို ဆက်တိုက်ဖောက်ထွင်း ခိုးယူခံနေရတာလည်းဖြစ်တယ်လို့ဆိုပါတယ်။

ဖောက်ထွင်းခံလိုက်ရတဲ့ နေအိမ် တွေဟာ အခွန်သာ ကျန်ရှိခဲ့တော့ ပြီး အိမ်းတွင်းပစ္စည်းတွေ ဖြစ်ကြတဲ့ ပန်းကန်၊ဒန်အိုး အပါအဝင် ထိုင်းခုံနဲ့ အိမ်တွင်း အသုံးအဆောင် ပစ္စည်းတွေက အစကုန်ခိုးယူခံရတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

“တချို့ကိစ္စတွေကို ကျနော်တို့ အကုန်နားလည်ပေးလို့ ရတယ် ဘယ်သူ့အိမ်ဘယ်သူ့အိမ်တွေကို ဘယ်သူတွေ ဦးဆောင်မှုတွေ နဲ့ ဖောက်တယ်ဆိုတာကျနော်တို့သိတယ် ။ဒါပေမယ့် အဲဒီလူတွေကို ပြောရင် ကျနော်ပြောတယ်ဆိုတာ သိတယ်။အဲဒါဆိုရင် ကျေနော့်အိမ်ကို မီးရှို့ခံရမှာ သေချာ အဲဒါကြောင့် ဘယ်သူတွေ လုပ်တယ်ဆိုတာကိုတော့ ကျနော်မပြောချင်ဘူး။အခုလို ဖြစ်နေတာကိုတော့ တစ်ကယ်ဝမ်းနည်းတယ်။ဒီကိစ္စကို သေချာ စနစ်တကျ ကိုင်တွယ်ဖြေရှင်းစေချင်တယ်လို့ ” နောက်ထပ်သံတွဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ တပ်တော်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ဆက်တိုက်ဖြစ်ပွါးနေတာကြောင့် ဒီကိစ္စကို တပ်တော် အနေ နဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့လိုအပ်သလို ကျူးလွန်သူတွေကိုလည်းထိရောက်တဲ့ အရေးယူမှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ပုံ၊အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ သံတွဲမြို့မြင်ကွင်း။CJ
“ဒီစကားက ဒီအချိန်မှာ မပြောသင့်ဆိုတာသိတယ်။အခုဟာက မပြောလို့လည်းမရဘူး။တိုင်ပြည်အတွက် ပေးဆပ်လိုက်ရလို့ ကုန်သွားရတာ ပြသနာမရှိဘူး။အခုက လူတစ်စုက ဘုမသိဘမသိ နဲ့ အာဏာရလာချိန်မှာ သူခိုးနဲ့ ပေါင်းပြီးလုပ်စားနေတာ မြင်ရတော့ တော်တော်လည်း စိတ်ပျက်မိတယ်။ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ မလွယ်လောက်ဘူးလို့”သူကပြောပါတယ်။

လက်ရှိသံတွဲမြို့အတွင်းမှာ ရှိတဲ့ နေအိမ်တွေ နဲ့ သံတွဲ အနီးမှာရှိတဲ့ ကျေးရွာအတွင်းက စစ်ရှောင်အများစုရဲ့ နေအိမ်အားလုံးနီးပါးဟာ ဖောက် ထွင်းခိုးယူခံထားရပြီးဖြစ်သလို ငပလီကမ်းခြေတစ်လျှောက်က နေအိမ်တွေဟာလည်း ဖောက်ထွင်းခံထားရတဲ့ အတွက် စစ်ရှောင်တွေ ရဲ့ နေအိမ်တွေဟာ အခွန်သက်သက်သာ ကျန်ရှိတော့တာလည်း ဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here