ရခိုင်က မြို့နယ် ၃ ခုကို စစ်ကောင်စီက ၃ရက်ဆက်တိုက်လေကြောင်းတိုက် ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေ ဆုံးခဲ့ရပြီး ဒေသခံပြည်သူ ၃၆ ဟာလည်းဒဏ်ရာရရှိခဲ့ရပါတယ်။
အဲဒီလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ခံခဲ့ရတဲ့ မြို့နယ်တွေကတော့ သံတွဲ၊တောင်ကုတ် နဲ့ မြေပုံမြို့နယ်အတွင်းက ကမ်းထောင့်ကြီး
မြို့နယ်တွေ ဖြစ်ကြပါတယ်။
ဒီနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၇ နာရီ ၄၀ မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ သံတွဲမြို့နယ် အတွင်းမှာ ရှိတဲ့ သံတွဲမြို့ ဒွါရာဝတီခန်းမ နဲ့ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်နေကြတဲ့ စာနီတောင်အနီးမှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရုံးကို လေကြောင်းက ပေါင် ၅၀၀ ဗုံးတွေ နဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရုံးအတွင်းမှာ ရှိနေတဲ့ စစ်ဘေးရှောင် ၁၄ ဦးသေဆုံးခဲ့ရသလို ၂၅ ဦးဟာလည်း အပြင်း အထန်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီမှာလည်း မြေပုံမြို့နယ် အတွင်းမှာ ရှိတဲ့ ကမ်းထောင့်ကြီးမြို့က မြောက်ပိုင်းဘုန်းကြီး ကျောင်း နဲ့ ရွာသာယာရပ်ကွက်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ရွာသာယာရပ်ကွက်က အရပ်သား ၂ ဦးသေဆုံးခဲ့ရသလို ဘုန်းကြီးကျောင်းအတွင်းမှာ ဥပုသ်သီလ ဆောက်တည်နေကြတဲ့ ဒေသခံ ၇ ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ရပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၇ နာရီ ၄၀ မိနစ်မှာလည်း တောင်ကုတ်မြို့နယ် အတွင်းက တန်းလွဲရွာမ နဲ့ ကျောက်ဆိပ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့ရပြီး နောက်ထပ်ဒေသခံ ၄ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တာ ရှိခဲ့ရတာပါ။
လက်ရှိစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြို့ နယ် ၃ ခုလုံးဟာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတစ်စုံတရာ ဖြစ်ပွါးတာ မရှိပဲ လေကြောင်းကနေ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ မြို့တွေလည်း ဖြစ်ပါတယ်။
ဒီလို တိုက်ပွဲ မရှိတဲ့ နေရာတွေကို စစ်ကောင်စီက လိုက်လံဗုံးကြဲတိုက်ခိုက်နေတာဟာ ရခိုင်ပြည်သူတွေကို ကောက်ကျစ်ယုတ်မာတဲ့ စိတ်ဓာတ် နဲ့ ရည်ရွယ်ချက် ရှိရှိလိုက်လံတိုက်ခိုက်နေတာ ဖြစ်တယ်လို့ ရခိုင်ဒေသခံ လူငယ်တစ်ဦးကပြောပါတယ်။
“ ကျနော်ဘာနိုင်ငံရေးကိုမှလည်းမသိဘူး။ဘာနိုင်ငံရေးမှလည်း မလုပ်ဘူး လက်ရှိမှာလည်း ကလေးတွေ ပညာရေးအတွက် စစ်ကောင်စီထိန်းချုပ်မှု ရှိနေဆဲနေရာမှာ စာသင်နေတယ်။ဒီနေ့လိုင်းမှာတက်လာတဲ့ ပုံတွေကိုတွေ့တော် တော်တော်လည်းကိုလည်း စိတ်မကောင်းဖြစ်ရတယ်။သေနေတဲ့ပုံတွေထဲမှာ အပြစ်မဲ့ကလေးတွေ မြင်ရတယ်။အခုဟာက စစ်ကောင်စီက အေအေ တိုက်တယ်ဆိုတာထက် ကျနော်တို့ ပြည်သူတွေကိုတိုက်နေတာလို့ မြင်လာတယ်။ဒီလိုတော့ မလုပ်သင့်ဘူးလို့”သူက ဆိုပါတယ်။
အဲတာကြောင့် စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်တာမျိုးမရှိဖို့ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် တားမြစ်တာမျိုးတွေကို လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ရခိုင်ပြည်သူတွေကဆိုကြပါတယ်။
CNA၊ဂူးဂူး။