အာရက္ခတပ်တော်အေအေ ရဲ့ထိုးစစ်ဟာ ဂွမြို့ နဲ့ အနီးကို ရောက်ရှိလာတာနဲ့ အမျှစစ်ကောင်စီက ဂွမြို့နယ်အတွင်းမှာ ရှိနေတဲ့ ပြည်သူတွေကို စားနပ်ရိက္ခသယ်ယူခွင့်တွေကိုကန့်သတ်တာ အသွားအလာတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေကို လုပ်ဆောင်တာတွေ ရှိလာနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ဟာ ဂွမြို့နယ်အတွင်းက မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ ကျိန္တလီမြို့နယ်အတွင်းက ကျောက်ပါးစပ် ကျေးရွာ အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတာလည်း ဖြစ်ပါတယ်။
အဲဒီလို စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် အေအေတို့ရဲ့ တိုက်ပွဲဟာ ဂွမြို့နယ်အတွင်းကို နီးကပ်လာတာနဲ့ အတူ မြေပြင် ကုန်းလမ်းသွားလာရေးတွေ နဲ့ စားနပ်ရိက္ခာသယ်ယူရေးတွေမှာ အခုလိုကန့်သတ်တားမြစ်လာတာဖြစ်တယ်လို့ ဂွမြို့ဒေသခံ တစ်ဦးကအခုလိုပြောပါတယ်။
“တိုက်ပွဲက နီးလာတော့ နည်းနည်းတော့ တင်းတင်းကြပ်ကြပ်လုပ်လာတယ်။ခရီးသည်တွေကိုလည်းစစ်ဆေးတာတွေကို တင်းတင်းကြပ်ကြပ်လုပ်တယ်။ဆန်တွေ၊ဆီတွေကိုဆိုရင်လည်း အကန့်အသတ်ထားတယ်။ ဆန်ဆိုရင် သုံးပြည်လောက်ပဲသယ်ရတယ် ကျန်တဲ့ ပစ္စည်းတွေလည်း ဒီအတိုင်းပဲ သူတို့ သတ်မှတ်ချက်အတိုင်းယူရတာ ဖြစ်တယ်လို့” သူကပြောပါတယ်။
အဲဒီလို စားနပ်ရိက္ခာတွေကို အကန့်အသတ် နဲ့သယ်ယူခွင့်ပြုထားပေမယ့် စက်သုံးဆီ နဲ့ ဆေးဝါးသယ်ယူခွင့်ကိုတော့ စစ်ကောင်စီက တားမြစ်ကန့်သတ်ထားတာတွေ ရှိတယ်လို့လည်း အဲဒီဒေသခံက ဆက်လက်ပြောဆိုပါတယ်။
အဲဒီလို စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူခွင့်တွေကို ကန့်သတ်ထားတာကြောင့် ဂွမြို့နယ် အတွင်းမှာ ရှိနေကြတဲ့ ကျေးရွာတွေက ဒေသခံတချို့ဟာ စားနပ်ရိက္ခာတွေ ပြတ်လပ်တာတွေ နဲ့ ရင်ဆိုင်နေကြရတာတွေ တော့ ရှိနေတယ်လို့ နောက်ထပ် ဂွမြို့နယ် အတွင်းက ဒေသခံ အမျိုးသမီး တစ်ဦးကပြောပါတယ်။
“အကန့်အသတ်ထားတော့ နယ်ကလူတွေအတွက်က နည်းနည်းခက်ခဲတယ်။ဒီအချိန်က အိမ်မှာစားဖို့ထားတဲ့ ဆန်တွေက ကုန်ခါနီးတဲ့ သူတွေ ကုန်တဲ့ သူတွေ ရှိတယ်လေ ။အဲဒီလိုဆိုတော့ တစ်ခါလာရင် နည်းနည်းပဲသယ်ခွင့်ရတော့ သူတို အတွက်ကတော့ ခဏခဏ လာနေလို့လည်း မရဘူး။အရင်တုန်းကလို ဆိုင်ကယ်နဲ့လာဖို့ကလည်း ဆီက မရှိဘူး။ပြီးတော့ လာရတဲ့ ခရီးကလည်း မြို့မှာ စစ်ဆေးရေးဂိတ်အဆင့်ဆင်ံတွေ ရှိတော့ လာရတာကလည်း နည်းနည်းစိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။မြို့ပေါ်ရပ်ကွက်က လူတွေကတော့ ပြတ်လပ်တဲ့ အနေအထားထိတော့မရှိဘူး။နယ်ကလူတွေကတော့ အခက်အခဲတွေကို ရင်ဆိုင်ရတာပေါ့လို့”သူကပြောပါတယ်။
အဲတာကြောင့် နယ်ဝေးက လာရတဲ့ ပြည်သူတွေကို စစ်ကောင်စီ အနေ နဲ့ ရိက္ခာသယ်ယူခွင့်ကို အနည်းငယ်တိုးမြှင့်သတ်မှတ်ကာ ယူဆောင်ခွင့် ပြုမယ်ဆိုရင်တော့ ဒေသခံ ပြည်သူတွေ အတွက် ပိုမို အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သူက အကြံပြု ပြောဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ဂွမြို့နယ်အတွင်းမှာ ရှိတဲ့ သူတို့ အခြေစိုက်ရာ တပ်စခန်းတွေဖြစ်တဲ့ ခလရ ၅၆၃ နဲ့ ကြွေချိုင်ကျေးရွာအဝင်ကေနရာတွေမှာ လက်နက်ကြီးတွေ တပ်ဆင်တာ စစ်အင်အားတွေကို ဧရာဝတီဘက်ကနေ အလုံးအရင်းနဲ့ ပို့ဆောင်ကာ ခုခံစစ် အတွင်း အပြင်းအထန် ပြင်ဆင်နေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
CNA၊ဂူးဂူး။