
CNA၊ဂူးဂူး။
ရခိုင်ပြည်၊ဂွမြို့နယ်အတွင်းက ကြွေချိုင်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ဟာ တိုက်ပွဲတွေလဆက်လက်ပြင်းထန် နေဆဲ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်ကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ ဂွမြို့နယ်အတွင်းက ကုလားပြင်ရဲစခန်း နဲ့ ကျိန္တလီမြို့က ကိုင်ခုံစခန်း နဲ့ ဂန့်ကော်တောင် စခန်းတွေ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ အောက်တိုဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အံဒီနောက် ကုလားပြင်၊ကိုင်ခုံ နဲ့ ဂန့်ကော်တောင်က ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကြွေချိုင်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းမှာ အထိုင်ချပြီး အာရက္ခတပ်တော် အေအေ ရဲ့ထိုးစစ်ကို ပြန်လည် ခုခံတိုက်ခိုက်နေတာလည်းဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်ကပြောပါတယ်။
“တိုက်ပွဲကမပြီးသေးဘူး ကြွေချိုင်မှာ ။ဒီနေ့မနက်ပိုင်းအထိတော့နှစ်ဖက်ဖြစ်နေတုန်းရှိသေးတယ်။စစ်ကောင်စီကတော့ နေဗီကလက်နက်ကြီးတွေ နဲ့ ပစ်တာ၊ပြီးတော့ ဇီးကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာ၊လေကြောင်းပစ်ကူတွေလည်း ပေးနေတယ်။စစ်ကောင်စီတပ်တွေဖက် ကတော့ အကျအရှုံးများတယ်။ဒဏ်ရာ ရများတယ်လို့”သူကပြောပါတယ်။
အဲဒီလို စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ကြွေချိုင်ကျေးရွာအတွင်းက နေအိမ်တွေ နဲ့ သာသနိက အဆောက်အဦးတွေ ပျက်စီးတာတွေလည်း များစွာရှိနေတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
ဒါအပြင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတဲ့ ကြားက ပိတ်မိနေကြတဲ့ ကြွေချိုင် နဲ့ တိုင်ကျိုးကျေးရွာရဲ့ အနီးဝန်းကျင်က ဒေသခံပြည်သူတွေကို အာရက္ခတပ်တော် က ကယ်ထုတ်ပေးနေတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ် တွေကပြောပါတယ်။
“ပိတ်မိနေတဲ့ ဒေသခံတွေကိုတော့ အာရက္ခတပ်တော်က ကယ်ထုတ်နေတာတွေ ရှိတယ်။ဒေသခံ တော်တော်များများက ပိတ်မိနေတာများတယ် တိုက်ပွဲ မဖြစ်ခင်က ထွက်မှာကလည်း စစ်ကောင်စီက လွတ်မြောက်နယ်မြေကို ထွက်ခွင့်မပေးပဲ ပိတ်ထားတော့ ပြည်မဘက်ကို ထွက်ဖို့ကလည်းခက်ခဲတယ်။ကားမရှိ ဘာမရှိ နဲ့ဆိုတော့ သက်ကြီးရွယ်အိုတွေကလမ်းလည်းမလျှောက်နိုင်တော့ အိမ်မှာပဲနေကြတာများတယ် အခုတော့ တိုက်ပွဲဖြစ်နေတဲ့ ကြားက အာရက္ခတပ်တော်က ကယ်ထုတ်နေတယ်လို့”ဆိုပါတယ်။
အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပို က်ထားနိုင်ပြီးဖြစ် ပါတယ်။
အဲဒီနောက် သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မာန်အောင်၊တောင်ကုတ်၊ဂွ၊ကျောက်ဖြူ၊စစ်တွေ နဲ့မောင်တောမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် အေအေ က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့၊အမ်းမြို့ နဲ့ ကျိန္တလီမြို့နယ်ပတ်ဝန်းကျင်က နေရာ အတော်များများမှာ လည်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွါးနေတာရှိသလို တောင်ကုတ်မြို့ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဟာ ရံဖန်ရံ ခါဖြစ်ပွားတာတွေ ရှိတယ်လို့ အာရက္ခတပ်တော် က သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။