CNA၊မြတ်သူ။
အမ်းမြို့ပေါ်မှာ ရှိတဲ့ သမဝါယမရုံးအတွင်းမှာ စစ်ကောင်စီက အာရက္ခတပ်တော် နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီး ရရှိနိုင်ဖို့ အတွက် အာရက္ခတပ်တော် ရဲ့ အလံကိုလွှင့်တင်ထားပြီး အေအေ အတွက် ရိက္ခထောက်ပံ့ပေးလိုသူတွေ ရိက္ခာလာပို့နိုင်တယ်ဆိုတဲ့ သတင်းအတုလွှင့်ကာ ပြည်သူတွေကို ဖမ်းဆီးဖို့ ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အဲဒီလို အာရက္ခတပ်တော် ရဲ့ အလံလွှင့်တင်တာကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမ်းမြို့နယ် အတွင်းက အာရက္ခတပ်တော် နဲ့ ဆက်စပ်သူတွေကို ဖမ်ဆီးနိုင်ဖို့ အတွက်အခုလို အာရက္ခတပ်တော် အလံလွှင့်ထူကာ သတင်းတုသတင်းမှားတွေ လွှင့်ကာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
“အဲဒီသမဝါယမရုံမှာ စစ်ကောင်စီက အာရက္ခတပ်တော် အလံကိုတောင်ပြီးတော့ အေအေ အတွက်ရိက္ခာတွေ ပို့လို့ရတယ်ဆိုတဲ့ သတင်းတွေ ကို ဖြန်ပြီးတော့ လုပ်နေတာရှိတယ်။အဲဒီရုံးထဲမှာ ရခိုင်အလံကိုထောင်ထားတဲ့ဟာက ရက္ခိုင်တပ်တော်ကမဟုတ်ဘူး စစ်ကောင်စီတပ်က လုပ်နေတာဖြစ်တယ်။ပြည်သူတွေကို ဖမ်းနိုင်ဖို့ အတွက် သူတို့ က အခုလိုဂွင်ဆင်နေတာဖြစ်တယ်လို့”သူကပြောပါတယ်။
အခုလို စစ်ကောင်စီက လုပ်ဆောင်နေတာဟာ အာရက္ခတပ်တော် နဲ့ ပတ်သက်နိုင်တဲ့ သူတွေကို ဖမ်းဆီးနိုင်ဖို့ အတွင် တဖက်လက်နဲ့သတင်းတုလွှင့် လုပ်ဆောင်နေတဲ့ အတွက် ဒီကိစ္စကို ပြည်သူတွေ အနေ နဲ့ သတိထားနိုင်ဖို့ လိုအပ်နေတယ်လို့လည်း သူပြောပါတယ်။
အဲဒါတွေ အပြင် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေမှာ စစ်ဘေးရှောင်ပြည်သူ အယောင်ဆောင်နေထိုင်တာတွေကိုလည်း လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ အဲဒီစစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။
“စွယ်တော်ဓမ္မရုံတို့ အေးရိပ်သာဘုန်းကြီးကျောင်းတို့မှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေကြားမှာလည်း စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်တွေ နဲ့နေထိုင်နေတာတွေလည်း ရှိနေတယ် ဒီနောက်ပိုင်းမှာ။အဲတာကြောင့် ပြည်သူတွေ အနေနဲ့ နေထိုင်တဲ့ နေရာတွေမှာလည်း တော်တော် သတိရှိရှိ နေထိုင်ဖို့ လိုအပ်နေတယ်လို့ “ သူက အကြံပြုပြောဆိုပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော် အေအေဟာ လပေါင်းများစွာ ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် အောက်တိုဘာလ ဒုတိယအပတ်မှာထိုးစစ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်အတွက် အဓိက အရေးပါတဲ့ စွေ့ချောင်းဗျူဟာ နဲ့ မဲတောင်ဗျူဟာတွေကို အာရက္ခတပ်တော်က သိမ်းပိုက် နိုင်ခဲ့ပါတယ်။
အဲဒီနောက် အာရက္ခတပ်တော်ဟာ အမ်းမြို့နယ် အတွင်းကိုဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ကာ အမ်းလေဆိပ်ကို ပါ အပြီးသတ်ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ သလိုအောက်တိုဘာလ ဒုတိယအပတ်ကနေ နိုဝင်ဘာလ ၆ ရက်နေ့ အထိ စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၇၂, ၃၇၃၊ ဆေးတပ်၊ ထောက်ပို့တပ်၊ တစ်မိုင်ကုန်းတပ်၊ စစ်ဆေးရုံ၊ ကံ့ကော်တစ်ထောင်စခန်း၊ သင်တန်းကျောင်း၊ စရဖရုံး ၊ ခမရ ၃၇၁ တပ်ရင်း နဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် COD တို့ကိုပါ သိမ်းပိုက်ရရှိထားနိုင်ပြီး လည်း ဖြစ်ပါတယ်။